၁) တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အသံတော်ကို မည်ကဲ့သို့ သိမြင်သင့်သနည်း။ လူတစ်ဦးသည် အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု အမှန်တကယ် ပြန်ကြွလာခြင်းဖြစ်ကြောင်း မည်သို့ အတည်ပြုနိုင်သနည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ယော ၁၀:၂၇) “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာ ၂:၇) “ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏။ အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။” (ဗျာ ၅:၄-၅) “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။ ” (ဗျာ ၁:၈) ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို စတင်ဖော်ဆောင်ကာ လူသားထုတစ်ရပ်လုံးကို လမ်းညွှန်ခြင်း၊ နက်နဲသောအရာများကို ဖော်ထုတ်ခြင်းနှင့် ခေတ်သစ်တစ်ခုတွင် လူသားများကို ရှေ့ဆောင်လမ်းပြ ပြုခြင်းတို့ကို လုပ်ဆောင်ပါသည်။ သို့သော် လူသားရရှိသော ဉာဏ်ပွင့်ခြင်းမှာမူ ရိုးရှင်းသော အလေ့အကျင့် သို့မဟုတ် ဗဟုသုတပြည့်စုံခြင်းသာ ဖြစ်ပါသည်။ ယင်းက လူသားထု တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုဆီသို့ လမ်းညွှန်နိုင်ခြင်းမရှိပါ၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်နှင့် ပတ်သက်သည့် နက်နဲသောအရာကို ဖော်ထုတ်နိုင်ခြင်းမရှိပါ။ နောက်ဆုံးမှာတော့ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသားဖြစ်သည်။ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူတွင် လူသားအနှစ်သာရရှိသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် နားလည်ခြင်းအားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်းအားဖြင့် ဘုရားသခင်ကိုသိရန် ပြုလုပ်ရမည်။ လူအချို့က- “လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ငါမမြင်ဖူးဘူး။ ဒါကြောင့် ဘုရားသခင်ကို ငါဘယ်လို သိနိုင်မလဲ” ဟု ဆိုကြသည်။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း၊ ထို့ပြင် လူသားမျိုးနွယ်အား သူ၏ ကယ်တင်ရန်နည်းလမ်း တို့ကို သင်မြင်နိုင်သည်။... ဤသည်မှာ ဘုရားသခင်သည် လူသားကို အသုံးပြု၍ နှုတ်ကပတ်တော်ကို ရေးချစေခြင်းနှင့် တခြားစီဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်က ဖော်ပြထားခြင်းကြောင့် ဖြစ်သည်။ ယင်းကို ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် နှုတ်ကပတ်တော်များနှင့် သူ၏အတွင်းသဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ ယင်းတို့ကို လှိုက်လှိုက်လှဲလှဲရှိသော နှုတ်ကပတ်တော်များဟု အဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့မှာ အတွင်းစိတ်ထဲက ထွက်ပေါ်လာ၍ သူ၏စိတ်သဘောထား၊ သူ၏အလိုတော်၊ သူ၏အတွေးများ၊ လူသားမျိုးနွယ်အပေါ် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏မျှော်မှန်းချက်များကို ဖော်ပြနေခြင်းကြောင့် ဖြစ်သည်။... ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ကြမ်းတမ်းသော စကားလုံးများ၊ နူးညံ့သိမ်မွေ့ပြီး အရေးထားသော စကားလုံးများရှိပြီး လူသား၏ဆန္ဒများနှင့် တစ်ထပ်တည်းမကျသည့် အမြင်သစ်ပေးသော စကားလုံးအချို့ ရှိသည်။ အကယ်၍ သင်သည် အမြင်သစ်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်သည် အတော်ပင် ခက်ထန်သည်ဟု သင်ခံစားရလိမ့်မည်။ အကယ်၍ သင်သည် နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်၌ သြဇာအာဏာ သိပ်မရှိဟု သင်ခံစားရလိမ့်မည်။ ထို့ကြောင့် သင်သည် ဤအရာကို ရှေ့နောက်စကားအဆက်အစပ်ကိုချန်၍ လိုရာဆွဲတွေးခြင်းမပြုဘဲ ယင်းကို ရှုထောင့်မျိုးစုံမှ ကြည့်မြင်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် နူးညံ့သိမ်မွေ့ပြီး ကရုဏာကြီးမားသော ရှုထောင့်မှ စကားပြောသဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့မြင်ကြသည်။ တစ်ခါတစ်ရံ သူသည် တင်းကျပ်သော ရှုထောင့်မှ စကားပြောသဖြင့် လူတို့သည် စော်ကားတိုက်ခိုက်မှုကို သည်းခံမည်မဟုတ်သည့် ဘုရားသခင်၏ စိတ်သဘောထားကို မြင်ကြသည်။ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်သို့လာရန် မထိုက်တန်ပေ။ လူတို့သည် ယခုအခါ ဘုရားသခင်၏ရှေ့မှောက်သို့ လာနိုင်သည်မှာ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်းနှင့် သူ့အမှု၏ အဓိပ္ပာယ်မှနေ၍ သူ၏ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် ဘုရားသခင်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း မရှိဘဲနှင့်ပင် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်သည်။ ယခုတစ်ကြိမ်မှာ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်ထဲတွင် လုပ်ဆောင်ရန် ကြွဆင်းလာသည်။ ၎င်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်ပါသေးသည်။ ၎င်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အထဲတွင် အခြားသူတို့နှင့် မတူသည့်အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က တစ်ခါမျှ မကြားဖူးသည့် သမ္မာတရားများကို သင်ကြားရနိုင်သည်။ ယင်းကဲ့သို့ မထင်မရှားသည့် ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရားဆိုင်ရာ နှုတ်ကပတ်တော်များအားလုံး၏ ပြယုဂ်ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာဖြစ်ကာ၊ လူသားများ သိရှိလာရန်အလို့ငှာ လူသားတို့အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြမှုလည်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုပင် သင့်အားပြောပြဦးမည် ဖြစ်သည်။ သူသည် ဘုရားသခင့်နိုင်ငံတော်အတွင်းသွားရာ သင်၏တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ သင့်ကိုလမ်းပြမည့်သူဖြစ်သည်။ ယင်းကဲ့သို့သော သာမညဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသောနက်နဲမှုများကို စွဲကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များကို သင့်အနေနှင့် သိနားလည်ဖို့ ခက်ခဲနိုင်သော်လည်း သူလုပ်ဆောင်သည့် အမှုအားလုံး၏ ပန်းတိုင်မှာ သူသည် လူသားယုံကြည်သကဲ့သို့ သာမညဇာတိခန္ဓာ မဟုတ်သည်ကို မြင်ရဖို့အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်က နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်တို့ထံ ပြသနေသည့် စောင်မမှုကိုလည်းကောင်း ကိုယ်စားပြုနေ၍ ဖြစ်သည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါပစ်နေကြသည်ဟု ထင်ရသည့် သူပြောဆိုသော နှုတ်ကပတ်တော်များကို မကြားနိုင်သော်လည်း၊ သို့မဟုတ် မီးလျှံကဲ့သို့ တောက်ပနေသည့် သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ သူ၏သံလှံတံဖြင့် ဆုံးမပဲ့ပြင်မှုကို သင်သည် မခံစားရနိုင်သော်လည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အမျက်ဒေါသကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် ကရုဏာပြကြောင်းကို သင်သိနိုင်သည်၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ထားရှိသည့် ဘုရားသခင်၏ ပူပန်မှုနှင့် စောင်မမှုကိုလည်း သင်နားလည်သဘောပေါက်နိုင်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား” မှ အလုပ်နှင့် ဘုရားသခင်ကို လူသားက မြင်တွေ့သမျှ အလုံးစုံတို့သည် သဘာဝလွန်ဖြစ်ရပ် ဖြစ်သည်။ သင်၏ မျက်လုံးများနှင့် မြင်သည်များနှင့် သင်၏နားများနှင့် ကြားရသည်များ အားလုံးမှ သဘာဝလွန်ဖြစ်ရပ်များ ဖြစ်သည်၊ သူ၏ လုပ်ဆောင်မှုနှင့် သူ၏ နှုတ်ကပတ်တော် များကို လူသားအနေဖြင့် နားမလည်နိုင်ဘဲ လူသားမှ မရရှိနိုင်သည့်အတွက် ဖြစ်သည်။ ကောင်းကင်မှ တစ်ခုခုကို မြေကြီးပေါ်သို့ ယူလာပါက၊ ယင်းမှာ သဘာဝလွန်ဖြစ်ရပ်မဟုတ်ဘဲနှင့် မည်သည့်အရာများ ဖြစ်နိုင်မည်နည်း။ လူသားက နားမလည်၊ ဉာဏ်မမီနိုင်ဘဲ အလွန်တရာမှ အံ့သြဖွယ်ဖြစ်လျက် အမြောအမြင်ကြီးလှသော ကောင်းကင်နိုင်ငံတော်၏ နက်နဲရာများကို ကမ္ဘာမြေကြီးသို့ ဆောင်ယူလာသောအခါ ၎င်းတို့သည် သဘာဝလွန်အရာများ လုံးလုံးလျားလျား မဟုတ်ပေသလော။...ယနေ့တွင် လူ့ဇာတိခံယူထားသည့် ဘုရားသခင်မှ လုပ်ဆောင်သည့် မည်သည့်အလုပ်သည် သဘာဝလွန်ဖြစ်ရပ် မဟုတ်သနည်း။ သူ၏ နှုတ်ထွက်စကားများက သင့်အတွက် နားလည်ရန်ခက်ခဲပြီး သင်ရရှိရန် ခက်ခဲကာ၊ သူ၏ လုပ်ဆောင်မှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်ပါ။ သူ၏ နားလည်မှုကို လူသားက နားမလည်နိုင်ပါ။ ပြီးလျှင်၊ မည်သည့်လူသားကမှ သူ၏ အသိပညာသည် အဘယ်ကလာသည်ကို မသိနိုင်ပါ။ အချို့ကပြောကြသည် "ကျွန်ုပ်သည်လည်း ကိုယ်တော်ကဲ့သို့ပင် လုံးဝသာမန်လူဖြစ်၏၊ ကိုယ်တော် သိနေသည်ကို ကျွန်ုပ်ကမသိဘူး ဆိုသည်မှာကား အသို့နည်း။ ကျွန်ုပ်သည် အသက်ပိုကြီးရင့်၍ အတွေ့အကြုံ လည်းများ၏၊ ကျွန်ုပ်မသိသောအရာကို ကိုယ်တော်က အဘယ်သို့သိသနည်း။" ဤအရာများ အားလုံးသည် လူသားမှ မရရှိနိုင်ပါ။ "ဣသရေလတွင် လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်မှုများကို မည်သူကမျှ မှန်ကန်စွာ မသိကြပါ၊ ကိုယ်တော်က မည်သို့လျှင် သိရသနည်း၊ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူများ ကပင် ရှင်းပြချက် မပေးနိုင်။ ကိုယ်တော်က အဘယ်ကဲ့သို့ သိသနည်း" ဟူ၍ အံ့သြသည့် လူများပင်ရှိသည်။ ဤအခြေအနေများ အားလုံးသည် သဘာဝလွန်ဖြစ်ရပ်များ မဟုတ်ဘူးလား။ အရာအားလုံးနှင့် စကားတော် များက သူ့ထံသို့ အခက်အခဲမရှိဘဲ ရောက်လာသည်ကို သူသိသော်လည်း၊ သူသည် အံ့ဖွယ်အမှု တစ်ခုကိုမျှ မကြုံတွေ့ရသေးပါ။ ဤသည်မှာ သဘာဝလွန်ဖြစ်ရပ်အားဖြင့် မဟုတ်ဘူးလား။ သူ၏ လုပ်ဆောင်မှုသည် လူ့ဇာတိက ရရှိလက်ခံနိုင်သည်ထက် ပိုလွန်နေသည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုကို လူ့ဇာတိရှိသူ မည်သူမျှ စဉ်းစားခြင်းဖြင့်မရနိုင်ဘဲ လူ၏စိတ်နှင့် ကျိုးကြောင်းဆင်ခြင်မှုအားဖြင့်လည်း လုံးဝ မရရှိနိုင်ပေ။ သူသည် ဘယ်သောအခါမျှ ကျမ်းစာကို မဖတ်သော်လည်း၊ ဣသရေလပြည်တွင် ဘုရားသခင်၏ လုပ်ဆောင်မှုကို သူနားလည်သည်။ သူသည် မြေကြီးပေါ်တွင်ရပ်၍ စကားပြောနေသော်လည်း၊ တတိယ ကောင်းကင် နိုင်ငံတော်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ပြောကြားသည်။ လူသားက ဤနှုတ်ထွက်စကားများကို ကြည့်သည့်အခါ၊ လူသားကို “ယင်းသည် တတိယကောင်းကင် နိုင်ငံတော်၏ ဘာသာစကား မဟုတ်ဘူးလား။” ဟူသည့် ခံစားချက်က ဖုံးလွှမ်းသွားသည်။ ဤအရာများအားလုံးက သာမန်လူသားတစ်ဦး ရယူရန်စွမ်းဆောင်နိုင်သည့်အရာထက် ကျော်လွန်နေသည့်ကိစ္စများ မဟုတ်ဘူးလား။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ သူသည် လူသားအနှစ်သာရကို ကောင်းမွန်စွာ သတိပြုမိပြီး၊ လူအမျိုးအစားအားလုံးထံသို့ သက်ဆိုင်ရာ အလေ့အကျင့် အမျိုးအစားအားလုံးကို သူဖော်ပြနိုင်သည်။ သူသည် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကိုဖော်ပြရာတွင် ပို၍တော်လေသည်။ သူသည် လောကီနှင့်ဆိုင်သော လူများအကြားတွင် နေထိုင်ခြင်းမရှိပေ၊ သို့ရာတွင် သူသည် သေမျိုးများ၏သဘာဝနှင့် လောကီနှင့်ဆိုင်သော လူများ၏ ဖောက်ပြန်မှုအားလုံးကို သတိပြုမိသည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ သူသည် လောကနှင့် ဆက်ဆံမှုမရှိသော်လည်း ကမ္ဘာကြီးနှင့်ဆက်ဆံသည့် စည်းမျဉ်းများကို သူသိသည်၊ အကြောင်းမှာ သူသည် လူသား၏သဘာဝကို အပြည့်အဝ နားလည်သောကြောင့်ဖြစ်သည်။ သူသည် လူသားမျက်လုံးဖြင့် မမြင်နိုင်သော၊ လူသားနားဖြင့် မကြားနိုင်သော၊ ယနေ့နှင့် အတိတ်နှစ်ခုစလုံးမှ ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိသည်။ ထိုအထဲတွင် ဘဝဒဿနိက မဟုတ်သော အသိဉာဏ်နှင့် လူတို့နားလည်ရန် ခက်ခဲသော အံ့ဖွယ်ရာတို့ပါဝင်သည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး၊ လူတို့ကိုသိအောင်ပြုပြီး လူတို့ထံမှလည်း ဖုံးကွယ်ထားလေသည်။ သူဖော်ပြသည့်အရာသည် သာမန်မဟုတ်သောသူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ပင်ဖြစ်သည်။ သူသည် ကမ္ဘာပတ်ခရီး မထွက်သော်လည်း အရာအားလုံးကိုသိသည်။ သူသည် အသိတရား၊ သို့မဟုတ် ထိုးထွင်းအသိဉာဏ်မရှိသော “လူမျောက်ဝံများ” ကိုဆက်သွယ်သော်လည်း အသိတရားထက်မြင့်သော စကားလုံးများနှင့် ကြီးမြတ်သော လူသားများအထက်မှ စကားလုံးများကို ဖော်ပြသည်။ သူသည် လူ့သဘာဝမရှိသော၊ လူသား၏ အစဉ်အလာများနှင့် အသက်တာများကို နားမလည်သော၊ အကင်းမပါးဘဲ ထုံအသော လူအုပ်စုတစ်စုအကြားတွင် နေထိုင်သည်။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝဖြင့် နေထိုင်အောင်စေခိုင်းနိုင်ပြီး တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ အခြေကျပြီး နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး အသွေးအသားရှိသည့် မည်သည့်လူသားမဆို၏ ဖြစ်ခြင်းထက် မြင့်မားလေသည်။ သူ့အတွက်ဆိုလျှင် သူလုပ်ရန်လိုသော အလုပ်ကိုလုပ်ရန် ရှုပ်ထွေးသော၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန်နှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်မှု၏ အနှစ်သာရကို နှံ့စပ်စွာဖော်ပြရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေးအသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေ။ သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူသားကို လောကနှင့်ဆက်စပ်ရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများပေးအပ်ခြင်း မပြုပေ။ လူသားတို့ကို အသက်ဖြင့် ထောက်ပံ့စဉ်တွင် လူ့အသိုင်းအဝိုင်း၊ သို့မဟုတ် လူသား၏မိသားစုကို စုံစမ်းရန် သူမလိုအပ်ပေ။ လူသားကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာနှင့်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူသား၏မနာခံမှုနှင့် လူသားမျိုးနွယ်၏ စက်ဆုပ်ရွံရှာကောင်းသော ဖောက်ပြန်မှုကို ကြာမြင့်စွာ သိရှိထားပြီးနောက်တွင် လူသား၏မဖြောင့်မတ်မှုကို ဖော်ထုတ်ရန်ဖြစ်သည်။ သူပြုသော အမှုအားလုံးသည် လူသားထံသို့ သူ၏စိတ်သဘောထားကို ပြသရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန်အတွက် ဖြစ်သည်။ သူသာလျှင် ဤအလုပ်ကို လုပ်ဆောင်နိုင်ပြီး၊ ယင်းသည် အသွေးအသားနှင့် လူသားက စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကိုသာမြင်ပြီး ဘုရားသခင်၏ အနှစ်သာရကို သတိမမူမိပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် လူသားများအကြား၌ မိမိ၏အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိခံယူခဲ့သည်။ သူ၏အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ဘဲ ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သောကြောင့်တည်း။ ခေတ်ဟောင်း ကုန်ဆုံးပြီးနောက် ခေတ်သစ်တစ်ခု အစားထိုး ဝင်ရောက်လာလိမ့်မည်။ အမှုဟောင်း စုံလင်သည်နှင့် အမှုသစ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်ပါလိမ့်မည်။ ယခုလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှု ပြည့်စုံပြီးသည့်နောက် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပါသည်၊ ယခုလူ့ဇာတိခံယူခြင်းသည် သီးခြားဖြစ်လာခြင်း မဟုတ်ဘဲ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်ပါသည်။...ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိခံယူချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ ယေရှုသည် သူ၏အလုပ်ကို လုပ်ခဲ့သည့်အခါ လူ၏သူ့အပေါ် သိနားလည်မှုသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။ လူသားအနေဖြင့် သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် ယုံကြည်ခဲ့ကြပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော ကောင်းမြတ်သည့် အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့သည် သူတို့၏ ယုံကြည်ခြင်းခွန်အားအပေါ် အခြေခံလျက် သူ့ဝတ်ရုံ၏ ပန်းပွားကို ထိတွေ့ရုံဖြင့် ရောဂါဝေဒနာ ပျောက်ကင်းခဲ့ကြသည်၊ မျက်စိမမြင်သူ မြင်နိုင်ခဲ့ပြီး သေဆုံးသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် သူ့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဖောက်ပြန်ပျက်စီးနေသည့် စာတန်စိတ်သဘောထားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသကဲ့သို့၊ ယင်းကို မည်သို့ဖယ်ထုတ်ရမည်ကိုလည်း သူမသိခဲ့ပေ။ လူသည် ကျေးဇူးတော် အများအပြားကို ရရှိခဲ့သည်၊ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ တစ်ဦး၏ ယုံကြည်ခြင်းအပေါ် မိသားစု တစ်ခုလုံး ကောင်းချီးမင်္ဂလာရရှိခြင်း၊ နာမကျန်းမှုများကို ပျောက်ကင်းစေခြင်း စသဖြင့်ဖြစ်သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းမှုများဖြစ်ပြီး သူတို့၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ လူသည် ယင်းကို အခြေခံပြီး နေထိုင်နိုင်ပါက သူ့ကို လက်သင့်ခံနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ယင်းသို့သော ယုံကြည်သူများသာလျှင် သေဆုံးပြီးနောက်တွင် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည်၊ သူတို့ ကယ်တင်ခြင်းခံရသည်ဟု ဆိုလိုသည်။ သို့ရာတွင် သူတို့ဘဝတစ်သက်တာတွင် သူတို့သည် အသက်၏လမ်းခရီးကို နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူတို့ပြုခဲ့သမျှမှာ အပြစ်များကို ကျူးလွန်ခဲ့ပြီးနောက်တွင် စိတ်သဘောထား ပြောင်းစေရန် မည်သည့်လမ်းကြောင်းကိုမျှ မပြုဘဲနှင့် အပြစ်ဝန်ခံခြင်းကို အစဉ်တစိုက် စက်ဝန်းကဲ့သို့ ပြုလုပ်ခဲ့ကြခြင်းသာသည်။ ယင်းသည် ကျေးဇူးတော်ခေတ်တွင်ရှိသော လူ၏အခြေအနေဖြစ်သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိခဲ့ပြီလော။ မရပါ။ ထို့ကြောင့် ထိုအဆင့် ပြီးဆုံးပြီးနောက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်များ ကျန်ရှိနေသေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်မှတစ်ဆင့် သန့်ရှင်းအောင် လုပ်ခြင်းဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို လူအား ပေးအပ်သည်။ အကယ်၍ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေဆဲဖြစ်ပါက ဤအဆင့်သည် အသီးအပွင့်များ ဖြစ်ထွန်းမည်မဟုတ်၊ သို့မဟုတ် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ၊ အကြောင်းမှာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်နေလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ လက်ဝါးကပ်တိုင်တွင် အသေခံသော အလုပ်သည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်သည် စာတန်ကို အနိုင်ရခဲ့သည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူတို့အတွင်းတွင် ဆက်လက်ရှိနေ၏၊ လူသည် အပြစ်ပြုနိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်၊ ထို့ပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရသေးပေ။ သို့ဖြစ်ရာ ဤအဆင့်၏ အလုပ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြု၍ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့ကျင့်သုံးစေခြင်းဖြစ်သည်။ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမိုအဓိပ္ပာယ်ရှိပြီး အသီးအပွင့်လည်း ပိုမိုဖြစ်ထွန်းသည်၊ အကြောင်းမှာ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးသည့်အရာနှင့် လူ၏စိတ်သဘောထားကို လုံးဝအသစ်ပြုပြင်စေရန် လုပ်နိုင်စွမ်းရှိသောအရာမှာ နှုတ်ကပတ်တော်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် သာ၍ နှံ့နှံ့စပ်စပ်ရှိသော အလုပ်အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကိုခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေခဲ့ပြီး ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သော စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝပြီးဆုံးစေသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ ငါ့အား တစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးခဲ့ကြသည့်အတွက် ကယ်တင်ရှင်ယေရှုဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ- ငါသည် နောက်ဆုံးသောကာလတွင် တစ်ဖန်ပြန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းတိုင်အောင် ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ပြည့်ဝသော၊ သြဇာအာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ လူအများသည် ငါနှင့် မည်သည့်အခါမျှ ဆက်ဆံခြင်း၊ သိကျွမ်းဖူးခြင်း မရှိကြ၊ ငါ၏စိတ်နေသဘောထားကို အမြဲတစေ မသိရှိခဲ့ကြပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ငါ့အား မြင်ဖူးခဲ့ခြင်း မရှိပေ။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း လူသားတို့ထံ ပေါ်ထွန်းလာခဲ့သော်လည်း လူသားတို့အကြားတွင် ဖုံးကွယ်ထားသော ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးကဲ့သို့၊ တန်ခိုးနှင့်ပြည့်လျက်၊ သြဇာအာဏာဖြင့် ပြည့်လျှံလျက် လူသားတို့အကြားတွင် အမှန်တကယ် စစ်မှန်စွာ နေထိုင်လျက်ရှိသည်။ ငါ့နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်းမခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှမရှိပါ၊ မီး၏လောင်ကျွမ်းခြင်းအားဖြင့် သန့်စင်ခြင်း မခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုလည်း တစ်ခုမျှမရှိပါ။ တိုင်းနိုင်ငံအားလုံးသည် နောက်ဆုံးတွင် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် နောက်ဆုံးသောကာလ၌ ငါသည် ပြန်ကြွလာသော လူအပေါင်းတို့၏ ကယ်တင်ရှင်ဖြစ်သည်၊ လူသားမျိုးနွယ်အပေါင်းတို့ကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်၊ ထို့အပြင် ငါသည် တစ်ချိန်က လူသားတို့အတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို လောင်ကျွမ်းစေသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသကဲ့သို့ ခပ်သိမ်းသောအရာတို့ကို ဖော်ထုတ်သည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို လူသားအားလုံး တွေ့ရလိမ့်မည်။ ယင်းက နောက်ဆုံးသောကာလရှိ ငါ၏အမှုပင်ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသောနေမင်းနှင့် တောက်လောင်နေသော မီးတောက်မီးလျှံဖြစ်သည်ကို လူအားလုံး တွေ့မြင်နိုင်ရန်အလို့ငှာ ဤအမည်နာမကို ငါခံယူခဲ့ပြီး ဤစိတ်နေသဘောထားကို ငါပိုင်ဆိုင်ထားသည်။ လူအားလုံးသည် ငါ့အား စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်စေရန်နှင့် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်စေရန်အလို့ငှာ ဖြစ်သည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အဖြစ်သာမဟုတ်၊ ရွေးနုတ်ရှင်အဖြစ်သာ မဟုတ်ဘဲ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင်တစ်ခွင်လုံးမှ အားလုံးသော သတ္တဝါများ၏ ဘုရားသခင် ဖြစ်ပေသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို ဆက်ပြောလျက်နေသည်၊ သူသည် ငါတို့အား အဘယ်အရာလုပ်သင့်သည်ဆိုခြင်းကို တိုက်တွန်းဖို့နှင့် တစ်ချိန်တည်းတွင် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ၏နှုတ်ကပတ်တော်များ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ငါတို့ကို နားလည်စေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ ပြောဆိုဟန်နှင့် လေသံတို့အပေါ် ငါတို့သည် စတင်အာရုံစိုက်လာပြီး ငါတို့၏မသိစိတ်ကလည်း သာမညောင်ညဖြစ်သော ထိုသူ၏ အတွင်းနှလုံးသားထဲက ခံစားချက်များကို စတင်စိတ်ဝင်စားလာသည်။ သူသည် ငါတို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ငါတို့၏ ပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် သာမန်လူနှင့် မသက်ဆိုင်သောအရာများ ဖြစ်သကဲ့သို့ ဖောက်ပြန်သော မည်သည့်လူသားတစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း သို့မဟုတ် ရရှိနိုင်စွမ်း မရှိသောအရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်၌မျှ မရှိသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးများအားလုံးကို မသိနိုင်ပါ၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းပြည့်စုံစွာ သဘောမပေါက်နိုင်ပါ၊ သို့မဟုတ် လူသားတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်နိုင်ခြင်း မရှိပါ၊ သို့မဟုတ် ကောင်းကင်ဘုံမှ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အကြား၌ ယခုကဲ့သလို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို မပိုင်ဆိုင်ပါ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ အလုံးစုံသည် သူ့အထဲ၌ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်၊ ငါတို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့်အရာများကို ငါတို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပါ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ချည်နှောင်မှုနှင့် ငါတို့၏ဖောက်ပြန်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပါ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ အတွင်းနှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူဖော်ပြသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကိုလည်း ယူဆောင်လာသည်၊ ထို့ပြင် မရေရာမှုထဲ၌ ရှင်သန်နေသော ငါတို့၏ဘဝကို အဆုံးသတ်ပေးပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက် ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်လာခဲ့သည်။ သူသည် ငါတို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ငါတို့၏စိတ်များသည် သတိရှိလာသည်၊ ငါတို့၏ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အကြား၌ နေပြီး ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်အကြာကြီး ခံနေခဲ့ရသူဖြစ်သည့် သာမန်ဖြစ်ပြီး မထင်ရှားသော ဤပုဂ္ဂိလ်သည် နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူပင်ဖြစ်ပေ၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်းဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” မှ ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်းတစ်ခုဖြစ်ပျက်ရန်လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထာင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။ ယခုအဆင့်၏ အမှုကို ကျေးဇူးတော်ခေတ်အမှု၏ အုတ်မြစ်ပေါ်တွင် အခြေခံလုပ်ဆောင်ထားခြင်း ဖြစ်သည်။ အကယ်၍ အမှု၏ ဤအဆင့်နှစ်ခုသည် ဆက်စပ်မှုမရှိလျှင် ကားတိုင်ပေါ်၌ အသေခံခြင်းသည် ယခုအဆင့်တွင် အဘယ်ကြောင့် ပြန်လည်၍ မဖြစ်လာသနည်း။ ငါသည် လူသား၏အပြစ်များကို သယ်ဆောင်ခြင်းမပြုဘဲ၊ ထိုအစား လူသားကို တိုက်ရိုက်တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် ငါကြွလာသည်မှာ အဘယ်ကြောင့်နည်း။ အကယ်၍ လူသားများကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်ဖြစ်သည့် ငါ၏အမှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်းအားဖြင့် မဟုတ်ဘဲ ငါ၏ယခုကြွလာခြင်းတို့သည် ကားတိုင်ပေါ်တွင် အသေခံခြင်းကို ခြေရာခံမလိုက်လျှင် ငါသည် လူသားကို ပြစ်တင်ဆုံးမရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ငါသည် ယေရှုနှင့် တစ်ကိုယ်တည်းဖြစ်သောကြောင့်သာလျှင် လူသားများကို ပြစ်တင်ဆုံးမဖို့ရန်နှင့် တရားစီရင်ရန်အလို့ငှာ ငါသည် တိုက်ရိုက်ကြွလာခြင်းဖြစ်သည်။ ဤအဆင့်၏အမှုကို ယခင်အဆင့်၏ အမှုအပေါ်တွင် လုံးလုံးလျားလျားတည်ဆောက်ထားသည်။ ထို့အတွက်ကြောင့် ဤအမှုမျိုးကသာလျှင် လူသားများကို ကယ်တင်ခြင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ပို့ဆောင်နိုင်ခြင်းဖြစ်သည်။ ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့လုပ်ဆောင်သည့် အကြောင်းအရာနှင့် ငါတို့လုပ်ဆောင်သော အမှုသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ ဇာတိခန္ဓာတို့သည် ခြားနားသော ပုံသဏ္ဌာန်များကို ဆောင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ အပြောင်းအလဲနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့ မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ အမှုတော်များသည် တူညီမှုမရှိပေ၊ ထို့ကြောင့် ငါတို့ဖော်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထုတ်ဖော်ပြသသော စိတ်သဘောထားသည်လည်း ခြားနားလေသည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများမြင်သောအရာနှင့် နားလည်သောအရာသည် အတိတ်ကကဲ့သို့ မဟုတ်တော့ချေ၊ ယင်းသို့ဖြစ်ရခြင်းမှာ ခေတ်ကာလ အပြောင်းအလဲကြောင့်ဖြစ်သည်။ သူတို့၏ လိင်အမျိုးအစားနှင့် သူတို့ဇာတိခန္ဓာများ၏ ပုံသဏ္ဌာန်သည် ကွဲပြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် သာမက၊ အချိန်ကာလတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်လင့်ကစား သူတို့၏ဝိညာဉ်များသည် တစ်ပါးတည်းပင်ဖြစ်သည်။ သူတို့၏ဇာတိခန္ဓာများသည် မျိုးရိုး၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်သွေးသားတော်စပ်မှုမျိုးမျှ မရှိလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်ခံယူထားသော ဇာတိခန္ဓာများ ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောသွေးသားမျိုးရိုးမှ မဟုတ်သည့်ပြင် လူတို့၏ဘုံဘာသာစကား တစ်ခုတည်းကို အတူမပြောသော်လည်း (တစ်ဦးသည် ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည့် အမျိုးသားဖြစ်ပြီး၊ နောက်တစ်ဦးသည် တရုတ်ဘာသာစကားကိုသာ ပြောသည့် အမျိုးသမီးဖြစ်သည်) သူတို့သည် ဘုရားသခင် ခံယူထားသည့် ဇာတိခန္ဓာများဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် သမ္မာတရားပင်ဖြစ်သည်။ ဤအကြောင်းရင်းများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံများတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် အမှုကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်သည် အတူတူပင်ဖြစ်ပြီး၊ သူတို့သည် တူညီသော အနှစ်သာရတို့ကို ပိုင်ဆိုင်ကြသော်ငြားလည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ပန်းသဏ္ဌာန်တို့အကြားတွင် တူညီမှုများဟူ၍ ဘာဆိုဘာမျှ မရှိပေ။ သူတို့၌ တူညီသော လူ့သဘာဝသာ ရှိကြသည်၊ သို့သော်လည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ရုပ်သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာအမှု၊ သို့မဟုတ် သူတို့အပေါ်ထားရှိသော လူသား၏သိခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ နောက်ဆုံးပိတ်ခြုံငုံဆန်းစစ်သော် သူတို့သည် တူညီသော ဝိညာဉ်တော်ပင်ဖြစ်ပြီး မည်သည့်အရာကမျှ သူတို့ကို ခွဲခြား၍မရနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် သွေးသားအရ ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ဝိညာဉ်တော်များ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသောအချိန်ကာလများတွင် မတူညီသောအမှုကို ခွဲခန့်ပေးပြီး၊ သူတို့၏ ဇာတိခန္ဓာများကိုလည်း မတူညီသော မျိုးရိုးများသို့ ခွဲခန့်ပေးသည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသောဝိညာဉ်တော်ပင် ဖြစ်သည်။ ထိုနည်းတူစွာပင် ယနေ့ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုသည် သွေးသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်သကဲ့သို့ လူသားတို့အပေါ် ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကိုလည်း လုပ်ဆောင်နိုင်ပြီးလျှင်၊ လူသားများအပေါ် ကျိန်ဆဲသောအမှုကိုလည်း ပြုနိုင်သည်၊ အဆုံးတွင် သူသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးခြင်းနှင့် ဆိုးယုတ်သောသူများကို အပြစ်ဒဏ်ခတ်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာများအားလုံးကို သူကိုယ်တိုင်လုပ်ဆောင်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အတိုင်းအဆမဲ့တန်ခိုးပင် မဟုတ်သလော။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်” မှ အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားမှာ “အနေနှင့်” ဖြစ်သည်။
0 Comments
Leave a Reply. |
Click & Join usတံဆိပ်များ
All
|