လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် နှစ်ပေါင်း ၆၀၀၀ ကျော်ရှိခဲ့သည့် လုပ်ဆောင်ချက်တစ်ခုလုံးသည် အချိန်နှင့်အမျှ တဖြည်းဖြည်းချင်း ပြောင်းလဲ လာခဲ့သည်။ ဤလုပ်ဆောင်ချက်၏ ပြောင်းလဲမှုများသည် လောကကြီး တစ်ခုလုံး၏ အခြေ အနေများ အပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်ခဲ့သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု လုပ်ငန်းများသည် လူသား မျိုးနွယ် တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှု ရေစီးကြောင်းအရ တဖြည်းဖြည်းချင်း အသွင်ပြောင်းခဲ့သည်။ ဤအရာသည် ဖန်ဆင်းခြင်းအစ၌ စီစဉ်ထားပြီးသား မဟုတ်ချေ။ လောကကြီးကို မဖန်ဆင်းခင် သို့မဟုတ် ဖန်ဆင်း ပြီးပြီးချင်း၌ ယေဟောဝါသည် ပညတ်တော်ဖြစ်သည့် ပထမအဆင့် လုပ်ဆောင်ခြင်း၊ ကျေးဇူးတော် ဖြစ်သည့် ဒုတိယအဆင့် လုပ်ဆောင်ခြင်း၊ သိမ်းပိုက် အောင်နိုင်ခြင်းဖြစ်သည့် တတိယအဆင့် လုပ်ဆောင်ခြင်း စသည့် အလုပ်များကို မစီစဉ်ထားရသေးပေ။ သူသည် မောဘမှ ဆင်းသက်လာသည့် လူမျိုးတစ်ချို့ ပါဝင်သော လူအုပ်စုတစ်စုကြားမှာ ဦးစွာအလုပ်လုပ်ပြီးသည့်အခါ ဤမှတစ်ဆင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်အောင်နိုင်မှာ ဖြစ်သည်။ သူသည် လောကကြီးကို ဖန်ဆင်းပြီးသည့်နောက် ဤစကားများကို ဆိုခဲ့သည် မဟုတ်။ မောဘ ပြီးနောက်မှာ ဤစကားများကို သူပြောခဲ့သည် မဟုတ်ပေ။ လောတ မတိုင်ခင် ပြောခဲ့ခြင်းမှာ သာ၍မဖြစ်နိုင်ပေ။ သူ့အလုပ်များ အားလုံးသည် အလိုအလျောက် ပြီးမြောက်သွားခြင်း ဖြစ်သည်။ ဤအရာသည် သူ၏ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု လုပ်ငန်း တိုးတက်လာသည့် ပုံစံအတိအကျပင်။ လောကကြီးကို မဖန်ဆင်းခင်က လူသားမျိုးနွယ် တိုးတက်ဖို့အတွက် ဤကဲ့သို့ အစီအစဉ်မျိုးကို အနှစ်ချုပ်ဇယားကဲ့သို့ သူမရေးခဲ့ချေ။ ဘုရားသခင်၏ လုပ်ဆောင်မှုထဲမှာ သူ၏ ဖြစ်ခြင်းကို သူတိုက်ရိုက် ဖော်ပြသည်။ အစီအစဉ်တစ်ခုကို ဖော်ထုတ်ဖို့ သူ့ဦးနှောက်ကိုသူ ဒုက္ခမပေးပေ။ ပရောဖက်များ များစွာမူကား ပရောဖက်ပြုချက်များ များစွာကို ပြောခဲ့ပေ၏။ သို့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် အမြဲတမ်းပင် တိကျသည့် အစီအစဉ် သတ်မှတ်ထားခြင်းများ ဖြစ်သည်ဟု မပြောနိုင်ပေ။ ပရောဖက်ပြုချက်များသည် ဘုရားသခင်၏ အမှန်တကယ် လုပ်ငန်းများအပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်ခြင်းဖြစ်သည်။ သူ၏ လုပ်ဆောင်ချက် အားလုံးသည် အစစ်မှန်ဆုံး လုပ်ဆောင်ချက်များပင်။ အချိန်၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာ မူတည်ပြီး သူ့အလုပ်များကို လုပ်ဆောင်ခြင်းဖြစ်ပြီး အကြောင်းအရာများ ပြောင်းလဲမှု အပေါ်မှာ မူတည်ပြီး သူ၏အစစ်မှန်ဆုံး အလုပ်များကို လုပ်ဆောင်သည်။ သူ့အတွက်ကား အလုပ်များကို လုပ်ဆောင်ခြင်းသည် ရောဂါအတွက် ဆေးညွှန်ပေးသလိုပင်။ သူ့အလုပ်များကို လုပ်နေရင်းနှင့် သူစောင့်ကြည့် လေ့လာသည်။ သူ၏ စောင့်ကြည့် လေ့လာချက်များအရ သူအလုပ်လုပ်သည်။ သူ့အလုပ်၏ အဆင့်တိုင်းမှာ သူ၏ ကြီးမားသည့် ဉာဏ်ပညာနှင့် ကြီးမားသည့် တန်ခိုးအစွမ်းများကို ဖော်ပြနိုင်သည့် အစွမ်းရှိသည်။ သူသည် ခေတ်ကာလ တစ်ခုအတွင်းမှာရှိသည့် လုပ်ဆောင်ချက် အပေါ်မှာမူတည်ပြီး သူ၏ ကြီးမားသည့် အသိဉာဏ်ပညာနှင့် အခွင့်အာဏာကို ဖွင့်ပြပြီး သူ၏စိတ်သဘောထား အလုံးစုံကို သိမြင်ဖို့ရန်အတွက် ဤခေတ်ကာလများမှာ ဤလူများကို ပြန်လည် ခေါ်ဆောင်ခွင့်ပြုခဲ့သည်။ သူသည် ခေတ်ကာလ တစ်ခုစီတိုင်းမှာ ပြီးမြောက်ရမည့် အမှုများပေါ်မှာ မူတည်ပြီး သူလုပ်ဆောင်သင့်သည့် အလုပ်များကို လုပ်ဆောင်ကာ လူသားများ၏ လိုအပ်ချက်ကို ပံ့ပိုးပေးသည်။ စာတန်က သူတို့ကို ဖျက်ဆီးထားသည့် အခြေအနေ အဆင့်အပေါ်မှာ မူတည်ပြီး လူများ၏ လိုအပ်ချက်များကို သူသည် ဖြည့်ဆည်းသည်။ ဖန်ဆင်းခြင်းများမှာ ဘုရားသခင်၏ သက်သေဖြစ်ဖို့နှင့် ကမ္ဘာပေါ်မှာ ဘုရားသခင်ကို ထင်ရှားစေဖို့အတွက် ခွင့်ပြုခဲ့သည့် အာဒံနှင့် ဧဝကို ဦးစွာ ဖန်ဆင်းခဲ့စဉ်တုန်းက ဤနည်းလမ်းပင် ဖြစ်သည်။ သို့သော်လည်း ဧဝသည် မြွေ၏ သွေးဆောင်ခြင်းကို ခံရပြီး အပြစ်လုပ်ခဲ့သည်။ အာဒံသည်လည်း အတူအပြစ်လုပ်ခဲ့ပြီး အကောင်းအဆိုးကို သိစေသည့်သစ်ပင်၏ အသီးကို ဥယျာဉ်ထဲ၌ သူတို့အတူတူ စားခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် သူတို့အကြားမှာ လုပ်ဆောင်ဖို့အတွက် အလုပ်များ ပိုမိုများပြားလာသည်။ အာဒံနှင့် ဧဝတို့၏ ကိုယ်လုံးတီးဖြစ်မှုကို မြင်ပြီး သူတို့ကိုယ်ခန္ဓာများကို တိရစ္ဆာန်သားရေနှင့် လုပ်ထားသည့် အဝတ်များနှင့် ဖုံးအုပ်စေခဲ့သည်။ ပြီးနောက်မှာ သူအာဒံကိုပြောသည်။ "ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။…သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်…အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်။" သူက မိန်းမကို ပြောသည်။ "သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန် များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်" ဤအချိန်မှစပြီး ဘုရားသခင်သည် သူတို့ကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး ယခုခေတ် လူသားများ ကမ္ဘာပေါ်မှာ နေထိုင်သကဲ့သို့ ဥယျာဉ်၏ပြင်ပမှာ နေစေခဲ့သည်။ အစအဦးမှာ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့စဉ်က လူသားကို မြွေ၏ သွေးဆောင်ခြင်းကို ခံစေပြီး လူသားနှင့် မြွေကို ကျိန်ဆိုဖို့ သူမစီစဉ်ခဲ့ချေ။ ဤကဲ့သို့ အစီအစဉ်မျိုးကို သူအမှန်ပင် မရှိခဲ့ပေ။ ဤအရာသည် သူ့ဖန်ဆင်းခြင်းများထဲမှာ သူ့ကို လုပ်ဆောင်ချက် အသစ်များကိုပေးသည့် အရာများ ကြီးထွားလာခြင်း သက်သက်ပင် ဖြစ်သည်။ ယေဟောဝါသည် ကမ္ဘာပေါ်က အာဒံနှင့် ဧဝတို့အတွက် အမှုများကို ဆောင်ရွက်ပြီးသည့်အခါ လူသားမျိုးနွယ်သည် နှစ်ထောင်ပေါင်းများစွာ ဆက်လက် ဖွံ့ဖြိုးတိုးတက်လာသည်။ သို့သော်လည်း "မြေကြီးပေါ်တွင် လူ၏ ဒုစရိုက်အပြစ် ကြီးမားပြီး သူ၏ စိတ်နှလုံးအကြံအစည်အားလုံး အစဉ်မပြတ် ဆိုးညစ်ကြောင်းကို ယေဟောဝါ သိမြင်တော်မူ၏။ ယင်းက မြေကြီးပေါ်မှာ လူကို ဖန်ဆင်းသည်ကို ယေဟောဝါအား နောင်တရစေပြီး သူ၏ စိတ်နှလုံးကို ဝမ်းနည်းကြေကွဲစေသည်။… သို့သော် နောဧသည် ယေဟောဝါ၏ အမြင်တွင် အသရေရှိသောသူ ဖြစ်သည်။" ဤအချိန်မှာ သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် မြွေ၏သွေးဆောင်ခြင်းကို ခံရပြီးသည့်နောက်မှာ အပြစ်အလွန်ကြီးလာသည့်အတွက် ယေဟောဝါမှာ လုပ်ဆောင်စရာအသစ်များ ရှိလာခဲ့သည်။ ဤအခြေအနေများအရ ယေဟောဝါသည် ဤလူများထဲမှ နောဧ၏ မိသားစုကို ရွေးချယ်ပြီး လွတ်မြောက်ခွင့်ပေးကာ ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးဖို့ဖြစ်သည့် သူ၏အလုပ်ကို လုပ်ဆောင်သည်။ လူသားမျိုးနွယ်သည် အကျင့်စရိုက်များ သာ၍ သာ၍ ပျက်ဆီးလာရင်းနှင့် ယနေ့အထိ ဤပုံစံအတိုင်း ဆက်လက်ဖွံ့ဖြိုး တိုးတက်လာပြီး လူသားမျိုးနွယ်၏ တိုးတက်မှုက ထိပ်ဆုံးအထိ ရောက်သည့်အချိန်သည် လူသားမျိုးနွယ်၏ အဆုံးသတ်ခြင်းလည်း ဖြစ်လာပါမယ်။ ပကတိအစအဦးမှ ကမ္ဘာအဆုံးအထိ သူ့လုပ်ဆောင်ချက်၏ အတွင်းက သမ္မာတရားများသည် ဤကဲ့သို့ အမြဲတမ်း ဖြစ်ခဲ့သည်။ သူတို့၏ ပုံစံပေါ်မူတည်ပြီး လူသားကို အမျိုးအစားခွဲခြားပုံနှင့် အတူတူပင်ဖြစ်သည်။ အစအဦးမှာ သူတို့နှင့်သက်ဆိုင်သည့် အမျိုးအစားအတိုင်း လူတစ်ယောက်စီတိုင်းမှာ ကြိုတင်ခွဲခန့်မှတ်သား ထားသည့်အရာနှင့် အလွန်ဝေးကွာနေသည်။ လူသားများသည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းပြီး နောက်မှသာ တဖြည်းဖြည်းချင်း အမျိုးအစားခွဲခြားခြင်း ခံရသည်။ အဆုံးမှာတော့ လုံးဝကယ်တင်ခြင်း မခံရသူများသည် သူတို့၏ ဘိုးဘွားများဆီကို ပြန်ရမည်ဖြစ်သည်။ လောကကြီးကို ဖန်ဆင်းခဲ့စဉ်တုန်းက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ မည်သည့်အမှုကိုမျှ ပြင်ဆင်ထားနှင့်ခြင်း မရှိပေ။ လူသားမျိုးနွယ်ကြားမှာ သူ့အလုပ်များကို လက်တွေ့ကျကျ သမ္မာတရားနှင့်အညီ တစ်ဆင့်ချင်း ပြုလုပ်ဖို့အတွက် ဖြစ်လာစေခဲ့သည့်အရာများ ကြီးထွားလာခြင်းသာ ဖြစ်သည်။ ဤအရာသည် မိန်းမကို သွေးဆောင်ဖို့အတွက် မြွေကို ယေဟောဝါ ဘုရားသခင်က ဖန်ဆင်းခြင်း မဟုတ်သည့် ပုံစံမျိုးပင်။ သူသေချာ သတ်မှတ်ထားသည့် အစီအစဉ်မဟုတ်သကဲ့သို့ သူတမင်တကာ ခွဲခန့်မှတ်သားထားသည့် အရာလည်း မဟုတ်ချေ။ မျှော်လင့်မထားဘဲ ဖြစ်သည့်အရာဟု ပြောနိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး လူကို ထပ်ပြီး မဖန်ဆင်းဖို့ ပိုင်းဖြတ်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ ဉာဏ်ပညာသည် ဤအခြေခံအချက် အပေါ်မှာပင် လူများအားဖြင့် တွေ့ရှိခြင်းသာဖြစ်သည်။ ယခင်က ငါပြောခဲ့သည့် အချက်ကဲ့သို့ပင် "ငါ၏ အသိပညာသည် စာတန်၏ လှည့်ကွက်များပေါ်မှာသာ အခြေခံလှုပ်ရှားသည်။" အကျင့်ပျက်ဆီးနေသည့် လူသားများသည် မည်ကဲ့သို့ပင် ကြီးထွားလာပါစေ သို့မဟုတ် မြွေက သူတို့ကို မည်ကဲ့သို့ပင် သွေးဆောင်ပါစေ ယေဟောဝါ၌ ဉာဏ်ပညာရှိသည်။ ထို့ကြောင့် သူသည် လောကကြီးကို ဖန်ဆင်းပြီးကတည်းက လုပ်ဆောင်ချက် အသစ်များနှင့် ထိတွေ့မှုရှိနေပြီး ဤအမှုအဆင့် အားလုံးသည် ပြန်လည်လုပ်ဆောင်ရခြင်းမျိုး တစ်ခုမျှမရှိ။ စာတန်သည် သူ၏ လှည့်စားမှု များကို အဆက်မပြတ် လုပ်ဆောင်နေသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို အဆက်မပြတ် ခံနေရပြီး ယေဟောဝါ ဘုရားသခင်သည်လည်း သူ၏ ပညာဉာဏ် ကြီးမားသည့် အလုပ်များကို အစဉ်မပြတ် လုပ်ဆောင်နေသည်။ သူသည် မည်သည့်အခါမျှ မရှုံးပေ။ ပြီးလျှင် သူသည် လောကကြီးကို ဖန်ဆင်းခြင်းမှစပြီး လက်ရှိအချိန်အထိ သူ့အလုပ်ကို မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးသည့်နောက်၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် သူ၏ရန်သူကို ချေမှုန်းဖို့အတွက် လူသားများကြားမှာ အဆက်မပြတ် လုပ်ဆောင်နေသည်။ ဤတိုက်ပွဲသည် အစအဦးမှ ကမ္ဘာအဆုံးအထိ ဖြစ်ပေါ်နေမည်ဖြစ်သည်။ ဤအလုပ်များ အားလုံးကို လုပ်နေသည့်အချိန်၌ ဘုရားသခင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့် လူသားများကို သူ၏ ဘုန်းတန်ခိုးနှင့် ပြည့်စုံသည့် ကယ်တင်ခြင်းကို ရရှိစေဖို့ အခွင့်ပေးခဲ့ရုံတင် မကဘဲ သူ၏ ဉာဏ်ပညာ၊ ဘုန်းတန်ခိုးနှင့် ပြည့်စုံမှုနှင့် အခွင့်အာဏာတို့ကို တွေ့မြင်စေခဲ့သည်။ အဆုံးမှာတော့ သူသည် ဆိုးသွမ်းသူကို အပြစ်ဒဏ်ပေးပြီး ကောင်းသည့်သူကို ချီးမြှောက်ရင်း သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်စေမည်ဖြစ်သည်။ သူသည် ဉာဏ်ပညာကြီးသည့် ဘုရားသခင်ဖြစ်ပြီး သူ၏ ဉာဏ်ပညာများသည် စာတန်၏ လှည့်ကွက်ပေါ်မှာ မူတည်လှုပ်ရှားသည့်အတွက် သူသည် စာတန်နှင့် ဤနေ့အထိ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပြီး တစ်ခါမျှ မရှုံးနိမ့်ခဲ့ပေ။ ကောင်းကင်ဘုံ၌ ရှိသမျှ အရာအားလုံးကို သူ၏အခွင့်အာဏာထံ ဆက်ကပ်စေရုံသာမက ကမ္ဘာမှာရှိသည့် အရာအားလုံးကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်မှာ ငြိမ်သက်စေခဲ့သည်။ ဤတင်မကဘဲ သူသည် လူသားမျိုးနွယ်ကို ကျူးကျော် နှောင့်ယှက်သည့် မကောင်းမှုပြုသူများကို သူ၏ ပြစ်တင်ဆုံးမမှုအောက်၌ ကျဆင်းစေသည်။ ဤလုပ်ဆောင်ချက်၏ အကျိုးရလဒ်အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကောင်းကင်ဘုံ၊ ကမ္ဘာပေါ် သို့မဟုတ် စကြဝဠာတစ်ခုလုံး၌ ရန်သူမရှိဘဲ သဘာဝကို ကျူးကျော်ဝင်ရောက်မည့် အမှောင်စွမ်းအားများ မရှိခဲ့သည့်အတွက် ဘုရားသခင်သည် သူ၏ဉာဏ်ပညာကို လူသားမျိုးနွယ်ရှေ့မှာ တစ်ခါမျှ မဖော်ပြခဲ့ပါဘူး။ ကောင်းကင်တမန်မင်းသည် သူ့ကို သစ္စာဖောက်ခဲ့ပြီးနောက်မှာ သူသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး လူသားမျိုးနွယ်ကြောင့်ပင် ဘုရားသခင်သည် ကောင်းကင်တမန်မင်းဖြစ်သည့် စာတန်နှင့် အဆင့်တိုင်းမှာ သာ၍ သာ၍ ပြင်းထန်လာသည့် စစ်ပွဲတစ်ခုဖြစ်သည့် နှစ်ထောင်ချီရှည်သည့် စစ်ပွဲရှည်ကြီးကို စတင်ခဲ့ရသည်။ ဤအဆင့်တိုင်းမှာ သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် ဉာဏ်ပညာကို တွေ့မြင်ရသည်။ ဤကဲ့သို့အချိန်မျိုးမှသာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်မှာရှိသည့် အရာအားလုံးသည် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့်ပြည့်စုံမှုနှင့် ဘုရားသခင်၏ စစ်မှန်မှုကို မြင်နိုင်သည်။ ယနေ့အထိ ဤကဲ့သို့ အကြောင်းတရားမျိုးကြောင့်သာ ဘုရားသခင်သည် သူ၏အလုပ်များကို လုပ်ဆောင်နေဆဲပင် ဖြစ်သည်။ ထပ်ဆင့်အနေနှင့် သူ၏လုပ်ငန်းများကို လုပ်ဆောင်နေစဉ်မှာ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံမှုကိုလည်း ဖော်ပြသည်။ ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း ဆိုသည်ကို သိရှိဖို့အတွက်နှင့် ဘုရားသခင်၏ စစ်မှန်မှုကို မည်ကဲ့သို့ ရှင်းပြရမည် ဆိုတာကို သိရှိဖို့အတွက် လုပ်ဆောင်ချက် အဆင့်တိုင်း၏ အတွင်းကျသည့် သမ္မာတရားကို သင်တို့ကို မြင်ခွင့်ပေးသည်။ ဖန်ဆင်းခြင်း မတိုင်ခင်ကတည်းက ယုဒသည် ယေရှုကို ရောင်းချမည်ဟု သတ်မှတ်ပြီးဖြစ်သည်ဟု လူများ ယုံကြည်ကြသည် မဟုတ်လော။ အမှန်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ဤအချိန်၌ လက်တွေ့ ဖြစ်ပေါ်နေသည့် အရာပေါ်မှာ မူတည်ပြီး စီစဉ်ခဲ့ခြင်းဖြစ်သည်။ အကြောင်းအားလျော်စွာ ပိုက်ဆံများကို အမြဲတမ်း အလွဲသုံးစားလုပ်တတ်သည့် ယုဒဆိုသည့်နာမည်နှင့် လူတစ်ယောက်ရှိနေခဲ့သည်။ ထို့ကြောင့် သူသည် ဤကဲ့သို့ပုံစံမျိုး အစေခံဖို့နှင့် ဤနေရာမှာ လုပ်ဆောင်ဖို့အတွက် ရွေးချယ်ခံရခြင်းဖြစ်သည်။ ဤအရာသည် အနီးအနား၌ အရင်းအမြစ်များကို အသုံးပြုခြင်း၏ မှန်ကန်သည့် ပုံပမာပင် ဖြစ်သည်။ ယေရှုသည် အစ၌ ဤသည်ကို သတိမထားမိပေ။ ယုဒသည် ပေါ်သွားသည့် နောက်ပိုင်းမှ သူသိသွားခြင်း ဖြစ်သည်။ ဤနေရာ၌ အခြားလူတစ်ယောက်ယောက်က လုပ်ဆောင်နိုင်လိမ့်မည်ဆိုလျှင် ယုဒအစား တစ်ခြားလူတစ်ယောက်က လုပ်ဆောင်သွားမည်ဖြစ်သည်။ ကြိုတင်ခွဲခန့်မှတ်သားထားသည့်အရာက အမှန်တွင် သန့်ရှင်းသော ဝိညာဉ်တော်မှ တစ်ပြိုင်နက် လုပ်ဆောင်သွားခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုများသည် အမြဲတမ်းပင် အလိုအလျောက် ပြီးမြောက်သည်။ သူ့အလုပ်ကို စီစဉ်သတ်မှတ်သည့် အချိန်တိုင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် လုပ်ဆောင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် စစ်မှန်သည်ဟု အဘယ်ကြောင့် ငါအမြဲတမ်း ပြောနေရသနည်း။ ထိုအရာသည် အမြဲတမ်းဆန်းသစ်ပြီး ဟောင်းမသွားဘဲ အမြဲတမ်း အသစ်အဆန်း ဖြစ်နေသည်ဟု အဘယ်ကြောင့်ပြောသနည်း။ လောကကြီးကို ဖန်ဆင်းခဲ့စဉ်တုန်းက ဘုရားသခင်၏ လုပ်ငန်းများသည် စီစဉ်သတ်မှတ်ပြီးသား မဟုတ်ပေ။ ဤကဲ့သို့ ဖြစ်ခဲ့ခြင်းမျိုး လုံးဝမဟုတ်ပေ။ လုပ်ဆောင်ချက် အဆင့်တိုင်း၌ သူနှင့်သက်ဆိုင်သည့်အချိန်မှာ ဖြစ်ပေါ်သည့် သက်ရောက်မှုများရှိပြီး ဤအရာများသည် တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ သင့်စိတ်ထဲ၌ရှိသည့် အစီအစဉ်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နောက်ဆုံးလုပ်ဆောင်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ဖြစ်ရပ်များ များစွာရှိသည်။ သူ၏ လုပ်ဆောင်ချက်များသည် လူများ၏ စဉ်းစားပုံကဲ့သို့ ရိုးရှင်းခြင်းမျိုး မဟုတ်ဘဲ လူများ၏ စိတ်ကူးပုံများလောက် ရှုပ်ထွေးခြင်းလည်း မရှိပေ။ လူများ၏ လက်ရှိလိုအပ်ချက်များပေါ်မူတည်ပြီး မည်သည့်အချိန် မည်သည့်နေရာမှာမဆို လူများကို ပံ့ပိုးပေးခြင်း ပါဝင်သည်။ လူများ၏ အခြင်းအရာကို သူကဲ့သို့ မည်သူမျှ ရှင်းရှင်းမသိနိုင်ချေ။ ပြီးလျှင် သူ၏ လုပ်ဆောင်ချက်များကဲ့သို့ မည်သည့်အရာမျှ လူသားတို့၏ အမှန်တကယ် လိုအပ်ချက်များကို ကိုက်ညီမှု မရှိဘူးဟူသည့် အချက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် လူသား၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် သူ၏ လုပ်ဆောင်ချက်များသည် နှစ်ထောင်ပေါင်းများစွာ ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။ သင်တို့၏ အခြေအနေပေါ်မှာ မူတည်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့ကြားထဲ ယခုအလုပ်လုပ်သည့်အခါ သူသည် အလုပ်လုပ်ရင်းနှင့် နေရာတိုင်း အချိန်တိုင်းမှာ စကားပြောနေသည်။ လူသားများသည် အခြေအနေတစ်ခု၌ ရောက်နေသည်ဆိုလျှင် သူတို့အတွင်းမှာ အမှန်တကယ် လိုအပ်သည့် စကားလုံးများကို သူပြောသည်။ ပြစ်တင်ဆုံးမခြင်း ကာလတွင်လုပ်သည့် သူ့အလုပ် ပထမအဆင့်ကဲ့သို့ပင်။ ပြစ်တင်ဆုံးမခြင်း ကာလအပြီးမှာ လူများသည် အပြုအမူတစ်ချို့ကို ဖော်ပြကြသည်။ ပုန်ကန်သည့်အပြုအမူ ပုံစံမျိုးများ လုပ်ဆောင်သည်။ ကောင်းမွန်သည့် အခြေအနေများ ပေါ်ထွက်လာသည်။ မကောင်းသည့် အခြေအနေများလည်း ပေါ်ထွက်လာသည်။ ပြီးလျှင် ဤမကောင်းမှု၏ အပေါ်မျဉ်းများသည် အဆင့်တစ်ခုကို ရောက်သွားသည်။ ဘုရားသခင်သည် ဤအရာအားလုံးအပေါ်၌ အခြေခံပြီး သူ့အလုပ်ကို လုပ်ဆောင်သည်။ သူ၏လုပ်ဆောင်ချက်မှာ ပိုမို ကောင်းမွန်သည့် သက်ရောက်မှု ရရှိစေဖို့ရန်အတွက် ဤအရာများကို ထိန်းချုပ်သည်။ သူသည် လူများ၏ လက်ရှိ အခြေအနေအရ လူအများကြားမှာ ပံ့ပိုးပေးသည့် အလုပ်များကို လုပ်နေခြင်းသက်သက်ပင် ဖြစ်သည်။ လူသားများ၏ အမှန်တကယ် အခြေအနေများအပေါ်မှာ မူတည်ပြီး သူ၏အလုပ်အဆင့်တိုင်းကို လုပ်ဆောင်သည်။ ဖန်ဆင်းခြင်းအားလုံးသည် သူ့လက်ထဲမှာရှိသည်။ ဤအရာများကို သူမသိနိုင်ပေလော။ လူများ၏ အခြေအနေများကို ကြည့်ပြီး ဘုရားသခင်သည် နေရာတိုင်း အချိန်တိုင်းမှာ ပြီးမြောက်သင့်သည့် နောက်အလုပ်တစ်ခုကို ထပ်ပြီး လုပ်ဆောင်သည်။ ဤအရာသည် နှစ်ထောင်ပေါင်း များစွာကတည်းက ကြိုတင်စီစဉ်ထားခြင်း မဟုတ်ပေ။ ဤအရာသည် လူများ၏ ယူဆချက်ပင်။ သူ့လုပ်ဆောင်ချက်၏ အကျိုးသက်ရောက်မှုကို သူကြည့်ရှုလေ့လာပြီး အလုပ်လုပ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် အဆက်မပြတ် နက်ရှိုင်းလာပြီး တိုးတက်လာသည်။ သူ့အလုပ်၏ ရလဒ်များကို ကြည့်ရှုလေ့လာရင်း သူ့အလုပ်၏ နောက်ထပ်တစ်ဆင့်ကို ထပ်ပြီး လုပ်ဆောင်သည်။ အကြောင်းအရာများကို တဖြည်းဖြည်း ပြောင်းလဲစေဖို့ အချိန်များ ကြာလာသည်နှင့်အမျှ လူများသည် သူ၏ လုပ်ဆောင်ချက် အသစ်များကို မြင်လာစေဖို့ အရာဝတ္ထုများကို အသုံးပြုသည်။ ဘုရားသခင်သည် လူသားများကို ကောင်းကောင်း သိရှိသည့်အတွက် ဤကဲ့သို့ လုပ်ဆောင်ချက်များသည် လူသားများ၏ လိုအပ်ချက်ကို ပံ့ပိုးပေးနိုင်စွမ်း ရှိသည်။ ဤအရာသည် ဘုရားသခင်သည် ကောင်းကင်ဘုံမှ သူ့အလုပ်ကို လုပ်သည့်ပုံစံပင် ဖြစ်သည်။ ဤကဲ့သို့ပင် လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ဤနည်းအတိုင်း လက်တွေ့ကျကျ စီစဉ်ဆောင်ရွက်ပြီး လူသားမျိုးနွယ်ကြားမှာ လှုပ်ရှားဆောင်ရွက်သည်။ သူ၏အလုပ်များသည် လောကကြီးကို မဖန်ဆင်းမီ ကတည်းက စီစဉ်ထားခြင်း၊ ယခင်ကတည်းက သေသေချာချာ ကြိုတင်သတ်မှတ်ထားခြင်းမျိုး မရှိပေ။ လောကကြီးကိုဖန်ဆင်းပြီး နှစ်ပေါင်း ၂၀၀၀ ကြာပြီးနောက်၌ လူသားများသည် ဆိုးသွမ်းပျက်စီးလာကြခြင်းကို ယေဟောဝါ မြင်သည့်အခါ သူသည် ပညတ်တော်ခေတ်ပြီးနောက် ကျေးဇူးတော်ခေတ်၌ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ရန်အတွက် သူ့အလုပ်ကို သူဆောင်ရွက်မည်ဆိုသည်ကို ပရောဖက်ဟေရှာယ၏ နှုတ်ကို အသုံးပြုပြီး ပရောဖက်ပြုခဲ့သည်။ ဤအရာသည် ယေဟောဝါ၏ အစီအစဉ်ပင် ဖြစ်သည်။ သို့သော်လည်း ဤအစီအစဉ်သည် လက်ရှိအချိန်၌ သူတွေ့ရှိချက်အပေါ်မှာ မူတည်ပြီး ပြုလုပ်ခြင်းလည်း ဖြစ်သည်။ အာဒံကို ဖန်ဆင်းပြီးပြီးချင်း ဤကဲ့သို့ စဉ်းစားလိုက်ခြင်းမျိုးကား မဟုတ်ပေ။ ဟေရှာယက ပရောဖက်ပြုခဲ့သည်။ သို့သော်လည်း ယေဟောဝါသည် ဤပညတ်တော်ခေတ် အတွင်းမှာ ဤအရာအတွက် ပြင်ဆင်မှုများ ချက်ချင်းလုပ်ခဲ့ခြင်း မဟုတ်ပေ။ ယောသပ်၏ အိပ်မက်ထဲ၌ တမန်သည် ပေါ်လာပြီး ဘုရားသခင်သည် ဇာတိပကတိ ခံယူမည်ဖြစ်ပြီး၊ ဤအရာကြောင့် သူ၏ လူ့ဇာတိကို ခံယူခြင်းအမှု စတင်ပြီဆိုခြင်းကို ဖွင့်ပြခဲ့ပြီးသည့်အခါ ဘုရားသခင်သည် ကျေးဇူးတော်ခေတ် အစမှာ ဤအလုပ်ကို ပြင်ဆင်ခဲ့သည်။ လူများထင်သကဲ့သို့ ဘုရားသခင်သည် လောကကြီးကို ဖန်ဆင်းပြီး ကတည်းက သူ၏လူ့ဇာတိကို ခံယူခြင်းအလုပ်ကို ကြိုတင် ပြင်ဆင်ထားခဲ့သည် မဟုတ်ပေ။ ဤအရာသည် ဘုရားသခင်နှင့် စာတန်၏ စစ်ပွဲအခြေအနေနှင့် လူသားများ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မူတည်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာသည့်အခါ သူ၏ဝိညာဉ်တော်သည် လူသားတစ်ဦး အပေါ်ကို သက်ဆင်းသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ကမ္ဘာပေါ်၌ သူ့၏လုပ်ဆောင်ချက်များကို လုပ်ပြီး ကန့်သတ်ထားသည့် အဆင့်များကို သူနှင့်ယူဆောင်လာဖို့ထက် ဤလုပ်ဆောင်ခြင်းသည် လုံးဝ အကန့်အသတ်မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များသည် သူ့အလုပ်၏ သက်ရောက်မှုများ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်သည်။ သူသည် ဇာတိပကတိထဲ ရှိနေစဉ်မှာ အလုပ်များကို လုပ်ဆောင်မည် ဖြစ်သည့်အတွက် ဤအရာများအား အချိန်ကြာရှည်မှုကို သတ်မှတ်ဖို့အတွက် အသုံးပြုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ လုပ်ဆောင်မှု အဆင့်တိုင်းကို တိုက်ရိုက်ဖော်ပြသည်။ သူလှုပ်ရှားနေစဉ်မှာ သူ့အလုပ်များကို ကြည့်ရှုစစ်ဆေးသည်။ လူ၏ စိတ်ကူးကန့်သတ်ချက်ထက်ပိုသည့် သဘာဝလွန်များ မဟုတ်ပေ။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းသည့် ယေဟောဝါ၏ လုပ်ဆောင်ချက်မျိုးပင် ဖြစ်သည်။ သူသည် ဆက်တိုက် စီစဉ်ပြီး လုပ်ဆောင်သည်။ သူသည် အလင်းကို အမှောင်မှ ခွဲထုတ်သည်။ မနက်နှင့် ညကို ဖြစ်ပေါ်စေသည်။ ဤလုပ်ဆောင်ချက်သည် တစ်ရက်ကြာသည်။ ဒုတိယနေ့မှာ မိုးကောင်းကင်ကို ဖန်ဆင်းသည်။ ဤအရာလည်း တစ်ရက်ကြာသည်။ ပြီးနောက်မှာ သူသည် ကမ္ဘာ၊ ပင်လယ်နှင့် ဤအရာများအပေါ်မှာ နေထိုင်သည့် အရာများကို ဖန်ဆင်းသည်။ ဤအရာသည်လည်း တစ်ရက်ကြာသွားသည်။ ဤကဲ့သို့မျိုး ခြောက်ရက်ကြာပြီးသည့်နောက် ခုနှစ်ရက်မြောက် မတိုင်ခင်မှာ ဘုရားသခင်သည် လူသားကိုဖန်ဆင်းပြီး ကမ္ဘာပေါ်က အရာအားလုံးကို စီမံစေပြီးသည့်အခါ၊ ဘုရားသခင်သည် အားလုံးကို ဖန်ဆင်းပြီးသည့်အခါ သူအနားယူခဲ့သည်။ ဘုရားသခင်သည် ခုနှစ်ရက်မြောက်နေ့ကို ကောင်းချီးပေးပြီး သန့်ရှင်းသည့် နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ သူသည် အရာအားလုံးကို ဖန်ဆင်းပြီးမှသာ ဤသန့်ရှင်းသည့်နေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အရာအားလုံးကို မဖန်ဆင်းခင်က စီစဉ်သတ်မှတ်ပြီး မဟုတ်ပေ။ ဤအလုပ်ကိုလည်း အလိုအလျောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်၊ အရာခပ်သိမ်းကို သူမဖန်ဆင်းခင် သူသည် ကမ္ဘာကို ခြောက်ရက်နှင့် ဖန်ဆင်းပြီး ခုနှစ်ရက်မြောက် နေ့မှာ အနားယူမည်ဟု ဆုံးဖြတ်ထားခြင်းမဟုတ်ပေ။ အချက်အလက်များက လုံးဝ ဤကဲ့သို့မဟုတ်ပေ။ သူဤအရာကို မပြောခဲ့၊ မစီစဉ်ခဲ့ပေ။ အရာအားလုံးကို ဖန်ဆင်းခြင်းသည် ခြောက်ရက်မြောက်နေ့၌ ပြီးဆုံးမည်ဖြစ်ပြီး ခုနှစ်ရက်မြောက်နေ့မှာ သူအနားယူမည်ဟု သူအလျဥ်းမပြောခဲ့ပေ။ သူ့အနေနှင့် ကောင်းမည်ဟု ထင်မြင်သည့် အရာများအပေါ်မှာ မူတည်ပြီး ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ သူအားလုံးကို ဖန်ဆင်းပြီးချိန်မှာ ခြောက်ရက်မြောက်နေ့ ဖြစ်နေပေပြီ။ သူအရာအားလုံးကို ဖန်ဆင်းပြီးသည့်အချိန်မှာ ငါးရက်မြောက်နေ့ဖြစ်နေလျှင် သူသည် ခြောက်ရက်မြောက်နေ့ကို သန့်ရှင်းသည့်နေ့အဖြစ် သတ်မှတ်ခဲ့ပါလိမ့်မည်။ သို့သော်လည်း သူသည် အရာအားလုံးကို ခြောက်ရက်မြောက်နေ့မှာ ဖန်ဆင်းပြီးမြောက်ခဲ့သည့်အတွက် ခုနှစ်ရက်မြောက်နေ့သည် ယနေ့ အထိ သတ်မှတ်ပြဌာန်းထားသည့် သန့်ရှင်းသည့် နေ့တစ်နေ့ ဖြစ်လာသည်။ ထို့ကြောင့် သူ၏ လက်ရှိအမှုများသည် ဤနည်းအတိုင်းပင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် သင်တို့၏ အခြေအနေပေါ်မှာ မူတည်ပြီး သင်တို့၏ လိုအပ်ချက်များကို ပြောဆိုပံ့ပိုးပေးသည်။ ဤအရာသည် ဝိညာဉ်တော်မှ လူများ၏ အခြေအနေများအရ ပြောဆို လုပ်ဆောင်ခြင်းဖြစ်သည်။ ဝိညာဉ်တော်သည် အားလုံးကို စောင့်ကြည့်နေပြီး အချိန်တိုင်း နေရာတိုင်းမှာ အလုပ်လုပ်သည်။ ပြောမည်ဆိုလျှင်၊ သင်တို့အပေါ် ငါနေရာချပေးသည်နှင့် သင်တို့အပေါ် ငါအပ်နှင်းခြင်းများသည် ခြွင်းချက်မရှိ သင်တို့ လိုအပ်သည့်အရာပင် ဖြစ်သည်။ ထို့ကြောင့် ငါ၏အလုပ်များသည် လက်တွေ့သဘောနှင့် ကင်းကွာသည့်အရာ တစ်ခုမှမရှိဟု ပြောခြင်းဖြစ်သည်။ "ဘုရားသခင်၏ ဝိညာဉ်တော်သည် အရာခပ်သိမ်းကို စောင့်ကြည့်လျက်ရှိ၏" ဆိုသည်ကို သင်တို့လည်း သိသည့်အတွက် အားလုံးသည် အမှန်တကယ်များဖြစ်သည်။ ဤအရာများ အားလုံးသည် ကြိုတင် ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်ခဲ့လျှင်၊ အားလုံးသည် ကြိုတင်ခင်းကျင်းပြီးသား ဖြစ်မနေပေလော။ ဘုရားသခင်သည် နှစ်ပေါင်း ၆၀၀၀ မျှ အလုပ်လုပ်ပြီးလျှင်ပင် လူသားများကို ပုန်ကန်ခြင်း၊ ခုခံခြင်း၊ ကောက်ကျစ်ခြင်း၊ လှည့်စားတတ်ခြင်း၊ ဇာတိပကတိ၌ တည်ရှိခြင်း၊ အကျင့်ပျက်ဆီးနေသည့် စာတန်၏ စိတ်သဘောထား၊ မျက်လုံး၏တပ်မက်ခြင်းနှင့် သူတို့၏ကျူးလွန်ခြင်းတို့ ဖြစ်စေဖို့ ကြိုတင်ခွဲခန့် မှတ်သားထားလိမ့်မည်ဟု သင်ထင်သည်။ ဤအရာသည် ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးမှုကြောင့်သာ ဖြစ်သည်။ အချို့က "စာတန်ကလည်း ဘုရားသခင်၏ လက်အောက်မှာ ရှိသည်မဟုတ်လော။ စာတန်သည် လူသားများကို ဤနည်းနှင့် ဖျက်ဆီးမည်ဖြစ်ပြီး ထို့နောက်မှာ ဘုရားသခင်သည် လူသားများကြားထဲမှာ သူ၏အလုပ်ကို လုပ်ဆောင်ဖို့အတွက် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားခဲ့ခြင်းပင်" ဟု ပြောကြပါလိမ့်မည်။ စာတန်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ ဘုရားသခင်က အကယ်ပင် ကြိုတင်ခွဲခန့် မှတ်သားပြီးဖြစ်ပါ့မည်လော။ ဘုရားသခင်သည် လူသားများကို သာမန်လူသား သဘောသဘာဝမှာ နေထိုင်ခွင့်ပြုဖို့သာ အလွန် စိတ်ထက်သန်သည်။ သူသည် လူသားမျိုးနွယ်၏ ဘဝများကို နှောင့်ယှက်ပါမည်လော။ ဤကဲ့သို့သာဆိုလျှင် စာတန်ကို ချေမှုန်းပြီး လူသားများကို ကယ်တင်ခြင်းသည် အလဟဿ အဓိပ္ပာယ်မရှိ ဖြစ်မနေပေလော။ လူသားများ၏ ပုန်ကန်ခြင်းသည် မည်ကဲ့သို့ ကြိုတင်ခွဲခန့် မှတ်သားပြီးသား ဖြစ်နိုင်ပါ့မည်နည်း။ အမှန်တွင် စာတန်၏ နှောင့်ယှက်မှုကြောင့်သာ ဖြစ်သည်။ ဤအရာကို ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်သားထားသည်ဆိုသည်မှာ မည်ကဲ့သို့ဖြစ်နိုင်ပါ့မည်နည်း။ ဘုရားသခင် လက်အောက်၌ စာတန်ရှိသည်ဆိုခြင်းကို သင်တို့ နားလည်သည်နှင့် စာတန်သည် ဘုရားသခင်၏ လက်အောက်မှာရှိသည်ဟု ငါပြောသည့် အချက်နှစ်ခုသည် အလွန်ကွဲပြားသည်။ သင်တို့၏ ပြောဆိုချက် ဖြစ်သည့် "ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံပြီး စာတန်သည် သူ့လက်ထဲမှာ ရှိသည်" ဆိုလျှင် စာတန်သည် သူ့ကို သစ္စာဖောက်မည် မဟုတ်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံသည်ဟု သင်ပြောခဲ့သည်မဟုတ်လား။ သင်တို့၏ အသိပညာသည် အပေါ်ယံသက်သက်ဖြစ်ပြီး လက်တွေ့သမ္မာတရားနှင့် မတူညီချေ။ မှန်ကန်ခြင်းမရှိ၊ အလုပ်မဖြစ်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံသည်။ ဤအရာက လုံးဝ မမှားပေ။ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည့် အကြောင်းက အစအဦးပိုင်းမှာ ဘုရားသခင်က သူ့ကို အခွင့်အာဏာတစ်ချို့ ပေးခဲ့၍ ဖြစ်သည်။ ဤအရာက ဧဝသည် မြွေ၏ သွေးဆောင်မှုကို အရှုံးပေးလိုက်ရ သကဲ့သို့ပင် မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သို့သော်လည်း စာတန်သည် မည်မျှပင် ပုန်ကန်နေပါစေ ဘုရားသခင်ကဲ့သို့ အနန္တတန်ခိုးနှင့် ပြည့်စုံခြင်း မရှိပေ။ သင်တို့ ပြောခဲ့သကဲ့သို့ပင် စာတန်သည် တန်ခိုးကြီးသည်။ စာတန်က မည်သည့်အရာ လုပ်သည်ဖြစ်စေ ဘုရားသခင်၏ အခွင့်အာဏာသည် အမြဲတမ်း စာတန်ကို ချေမှုန်းပစ်မည်ဖြစ်သည်။ ဤအရာမှာ "ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံ၍ စာတန်သည် သူ၏လက်ထဲတွင်ရှိ၏" ဟူသည့် စကား၏ မှန်ကန်သည့် အဓိပ္ပာယ်ဖြစ်သည်။ ထို့ကြောင့် စာတန်နှင့် သူစစ်ခင်းရာမှာ တစ်ဆင့်ချင်းသွားရသည်။ ဘုရားသခင်သည် စာတန်၏ လှည့်ကွက်များကို ကြည့်ပြီး သူ၏လုပ်ဆောင်ချက်များကို စီစဉ်သည်။ ဆိုလိုသည်မှာ ခေတ်ကာလများအပေါ် မူတည်ပြီး လူများကို ကယ်တင်ကာ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံခြင်းကို လူများကို ဖော်ပြသည်။ ဤကဲ့သို့ပင် နောက်ဆုံးသောကာလ၏ လုပ်ငန်းများသည်လည်း ကျေးဇူးတော်ခေတ်မတိုင်ခင်မှာ ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မရှိချေ။ ဤတစ်ခုကဲ့သို့ အစီအစဉ်တကျ ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မရှိပေ။ ပထမဆုံး လူသား၏ ပြင်ပ စိတ်သဘောထားများကို ပြောင်းလဲစေမည်။ ဒုတိယအနေနှင့် လူသားကို သူ၏ ပြစ်တင်ဆုံးမမှုနှင့် စမ်းသပ်ခြင်းကို လက်ခံစေမည်။ တတိယအနေနှင့် လူသားအား သေခြင်းကို ကြုံတွေ့စေမည်။ စတုတ္ထအနေနှင့် လူသားကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကာလကို ကြုံတွေ့စေပြီး ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ အဓိဋ္ဌာန်ပြုချက်ကို ဖော်ပြမည်။ ပဉ္စမအနေနှင့် လူသားအား ဘုရားသခင်၏ အလိုကိုမြင်စေပြီး ဘုရားသခင်ကို အလုံးစုံ သိကျွမ်းစေမည်။ ပြီးနောက် လူသားကို ပြည့်စုံစေမည်။ ဤအရာများအားလုံးကို ကျေးဇူးတော်ခေတ်မှာ သူစီစဉ်ခဲ့ခြင်း မရှိချေ။ ဤကဲ့သို့မဟုတ်ဘဲ လက်ရှိခေတ်မှာ ဤအရာများကို သူစီစဉ်နေခြင်းသာ ဖြစ်သည်။ စာတန်သည် အလုပ်လုပ်နေသကဲ့သို့ ဘုရားသခင်သည်လည်း အလုပ်လုပ်နေသည်။ စာတန်က သူ၏ ပျက်စီးသည့် စိတ်သဘောထားကို ဖော်ပြပြီး ဘုရားသခင်မူကား တိုက်ရိုက်ပြောဆိုကာ ထိရောက်သည့် အရာတစ်ချို့ကို ဖွင့်ပြသည်။ ဤအရာသည် လက်ရှိ လုပ်ဆောင်နေသည့် အလုပ်ဖြစ်ပြီး လောကကြီးကို ဖန်ဆင်းပြီးနောက်ဖြစ်သည့် ရှေးတုန်းက အချိန်များ၌လည်း ဤကဲ့သို့ပုံစံမျိုးကိုသာ အသုံးပြုခဲ့သည်။ ဘုရားသခင်သည် ရှေးဦးစွာ အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာများ အားလုံးထဲမှာ မြွေသည် အဆိပ်အပြင်းဆုံးဖြစ်သည်။ သူ၏ကိုယ်ခန္ဓာမှာ အဆိပ်ပါဝင်ပြီး စာတန်သည် ဤအဆိပ်ကို ကိုင်တွယ် အသုံးချသည်။ ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့်သူက မြွေပင်ဖြစ်သည်။ ဧဝက အပြစ်လုပ်ပြီးနောက် အာဒံသည်လည်း အပြစ်လုပ်ခဲ့ပြီး သူတို့နှစ်ယောက်သည် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်စွမ်း ရှိသွားကြသည်။ မြွေက ဧဝကို သွေးဆောင်လိမ့်မည်ဟုသာ ယေဟောဝါက သိခဲ့လျှင် ဧဝက အာဒံကို သွေးဆောင်မည်ဟုသာ ကြိုသိခဲ့လျှင် ဘုရားသခင်သည် သူတို့အားလုံးကို အဘယ်ကြောင့် ဥယျာဉ်တစ်ခုထဲမှာ ထားခဲ့မည်နည်း။ သူသည် ဤအရာများကို ကြိုတင် သိမြင်နိုင်ခဲ့လျှင် မြွေကို အဘယ်ကြောင့်ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲမှာ ထားခဲ့မည်နည်း။ ဧဒင်ဥယျာဉ်ထဲမှာ အဘယ်ကြောင့် အကောင်းနှင့် အဆိုးကို ခွဲခြားသိနိုင်သည့် သစ်ပင်၏ အသီး ရှိနေခဲ့သနည်း။ သူတို့အား အသီးကို စားစေဖို့ ရည်ရွယ်ခဲ့သလော။ ယေဟောဝါ ရောက်လာသည့်အခါ အာဒံနှင့် ဧဝတို့သည် သူနှင့်ရင်မဆိုင်ရဲခဲ့ချေ။ ယေဟောဝါသည် ဤအချိန်ကျမှသာ သူတို့သည် မြွေ၏လှည့်စားမှု၌ ကျဆုံးသွားပြီး အကောင်းနှင့် အဆိုးကို သိစေသည့်အပင်၏ အသီးကို စားခဲ့ကြပြီဆိုသည်ကို သိခဲ့သည်။ အဆုံးမှာတော့ ဘုရားသခင်သည် မြွေကိုကျိန်ပြီး အာဒံနှင့် ဧဝကိုလည်း ကျိန်ခဲ့သည်။ သူတို့နှစ်ယောက်က သစ်ပင်၏အသီးကို စားခဲ့သည့်အချိန်မှာ ယေဟောဝါသည် သတိမပြုမိခဲ့ချေ။ လူသားမျိုးနွယ်သည် ဆိုးသွမ်းခြင်း အဖြစ်ထိ ယိုယွင်းပျက်စီးလာခဲ့ပြီး တဏှာရာဂ တပ်မက်မှုများရှိလာကာ သူတို့နှလုံးသားထဲမှာ ခိုဝင်လာသည့် အရာများ အားလုံးသည် ဆိုးယုတ်မှုနှင့် မဖြောင့်မတ်မှုများ ဖြစ်လာသည်အထိ ယိုယွင်းပျက်စီးလာကြသည်။ သူတို့အားလုံးသည် ညစ်ညမ်းကြသည်။ ထို့ကြောင့် ယေဟောဝါသည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့ခြင်းကို နောင်တရခဲ့သည်။ ဤနောက်မှာတော့ သူသည် ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခြင်းအမှုကို လုပ်ဆောင်ခဲ့ပြီး နောဧနှင့် သူ၏သားများသာ လွတ်မြောက်ခဲ့သည်။ အချို့အရာများသည် လူများ စိတ်ကူးသကဲ့သို့ အမှန်တကယ် အဆင့်မြင့်ပြီး သဘာဝလွန်များ ဖြစ်နေခြင်းမျိုး မဟုတ်ကြပေ။ အချို့က "ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်လိမ့်မည် ဆိုသည်ကို သိရက်နှင့် အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း" ဟုမေးသည်။ ဤအချက်များကို ကြည့်ပါ။ ကမ္ဘာမြေကြီး မတည်ရှိခင်တုန်းက ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန်တို့၏ အကြီးမြတ်ဆုံးဖြစ်သည်။ သူသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန် အားလုံးအပေါ်မှာ တရားစီရင်ပိုင်ခွင့် ရှိသည်။ ဤအရာသည် ဘုရားသခင် ပေးအပ်ထားသည့် အခွင့်အာဏာဖြစ်သည်။ ဘုရားသခင်ကို ခြွင်းချက်ထားလျှင် သူသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန်များ အားလုံးထဲမှာ အကြီးမြတ်ဆုံးဖြစ်သည်။ နောက်ပိုင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အခါ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ကြီးမားစွာ သစ္စာဖောက်ခြင်းအမှုကို ပြုခဲ့သည်။ ဘုရားသခင်ကို သစ္စာဖောက်သည်ဟု အဘယ်ကြောင့် ငါပြောရသနည်းဆိုလျှင် သူသည် လူသားမျိုးနွယ်ကို အုပ်ချုပ်လိုပြီး ဘုရားသခင်၏ အခွင့်အာဏာထက် သာလွန်လိုခဲ့သည်။ ဧဝကို အပြစ်လုပ်မိစေဖို့ သွေးဆောင်ခဲ့သူက ကောင်းကင်တမန်မင်းပင်။ ကမ္ဘာမှာ သူ၏နိုင်ငံကို တည်ထောင်လိုပြီး လူသားမျိုးနွယ်သည် ဘုရားသခင်ကို သစ္စာဖောက်ကာ သူ၏စကားကိုသာ လိုက်နာစေလိုသောကြောင့် ဤကဲ့သို့ လုပ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏စကားကို အားလုံးက လိုက်နာသည်ကို သူတွေ့မြင်ခဲ့ရသည်။ ကောင်းကင်တမန်များက လိုက်နာသည်။ ကမ္ဘာမှာရှိသည့် လူများကလည်း လိုက်နာသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာမှာရှိသည့် အရာခပ်သိမ်းသည် အာဒံနှင့် ဧဝတို့ဖြစ်သည့် လူသား၏ လက်အောက်မှာ ရှိနေသည်။ အာဒံနှင့် ဧဝကလည်း လိုက်နာသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို သာလွန်အောင်ပြုလုပ်ဖို့နှင့် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းမှာ သူသည် ကောင်းကင်တမန်အများအပြားကို ဘုရားသခင်အား ပုန်ကန်စေဖို့ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းမှာ ဤကောင်းကင်တမန်များသည် မသန့်ရှင်းသည့် ဝိညာဉ်ဆိုးများ ဖြစ်လာခဲ့သည်။ ယနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုများသည် စာတန်၏ ဖျက်ဆီးမှုကြောင့် ဖြစ်လာသည် မဟုတ်ပေဘူးလား။ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည့်အတွက် လူသားမျိုးနွယ်သာ တစ်ခုတည်းသော လမ်းခရီးဖြစ်သည်။ ဤတစ်ဆင့်ချင်းဖြစ်သည့် လုပ်ဆောင်မှုသည် လူများ စိတ်ထင်သကဲ့သို့ လုံးဝ အပေါ်ယံရိုးရိုးလေး မဟုတ်ပေ။ စာတန်သည် အကြောင်းရှိ၍ သစ္စာဖောက်ခြင်းအမှုကို ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လူများသည် ဤကဲ့သို့ရိုးရှင်းသည့် အရာတစ်ခုကို နားလည်ဖို့ မတတ်နိုင်ကြချေ။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းပြီး စာတန်ကိုပါ အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ဘုရားသခင်သည် စာတန်ကို အလွန်ရွံရှာပြီး စာတန်သည် သူ၏ရန်သူဖြစ်သော်လည်း အဘယ်ကြောင့် စာတန်ကို ဖန်ဆင်းခဲ့သနည်း။ စာတန်ကို ဖန်ဆင်းလျှင် ရန်သူကို သူဖန်ဆင်းခြင်း ဖြစ်မနေဘူးလော။ ဘုရားသခင်သည် အမှန်တကယ်ပင် ရန်သူကို ဖန်ဆင်းခဲ့တာမျိုး မဟုတ်ချေ။ တကယ်တော့ သူသည် ကောင်းကင်တမန် တစ်ပါးကို ဖန်ဆင်းပြီး ဤကောင်းကင်တမန်သည် နောက်မှာတော့ သူ့ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏အစွမ်းသည် အလွန်ကြီးမားသည့်အတွက် ဘုရားသခင်ကို သစ္စာဖောက်ချင်လာသည်။ ဤအရာသည် တိုက်ဆိုင်မှုတစ်ခုဟု ပြောနိုင်သော်လည်း ရှောင်လွှဲ၍မရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ ဤအရာက လူသည် တချိန်ချိန်မှာ ရှောင်လွှဲ၍မရဘဲ သေဆုံးရသည့် ပုံစံနှင့် ဆင်တူသည်။ အကြောင်းအရာများသည် တိကျသည့် အဆင့်တစ်ခုဆီကို ဖွံ့ဖြိုးရောက်ရှိနေပြီး ဖြစ်သည်။ ဤကဲ့သို့ပြောတတ်သည့် အဓိပ္ပာယ်မရှိသည့် လူများရှိသည်။ "စာတန်က ကိုယ်တော်၏ ရန်သူဖြစ်လျှင် သူ့ကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ကောင်းကင်တမန်မင်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ဆိုခြင်းကို ကိုယ်တော်မသိခဲ့သလော။ ကိုယ်တော်သည် ထာဝရကာလမှ ထာဝရကာလတိုင် သိမြင်နိုင်သည် မဟုတ်လော။ သူ၏သဘောသဘာဝကို ကိုယ်တော်မသိသလော။ သူက ကိုယ်တော့်ကို သစ္စာဖောက်မည်ဆိုခြင်းကို သေသေချာချာ သိနေသော်လည်း အဘယ်ကြောင့် သူ့ကို ကောင်းကင်တမန်မင်း ဖြစ်စေခဲ့သနည်း။ သစ္စာဖောက်ခြင်းကို လျစ်လျူရှုခဲ့လျှင်ပင် စာတန်က ကောင်းကင်တမန် အများအပြားကို ဦးဆောင်ပြီး သေမျိုးများ၏ လောကကြီးကိုဆင်းပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးဦးမည်ပင်။ ဤနေ့အထိ ကိုယ်တော်က ကိုယ်တော့်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို မပြီးဆုံးနိုင်သေး" ဟု ပြောကြသည်။ ဤအရာမှန်ကန်ပါသလား။ လိုအပ်သည်ထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်နေသည်နှင့်မတူဘူးလား။ အချို့က ပြောပါသေးသည်။ "လက်ရှိအချိန်၌လည်း စာတန်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည်ပင် မဟုတ်လော။ ဘုရားသခင်က ဤနည်းလမ်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်မည်မဟုတ်။ ဤကဲ့သို့ဆိုလျှင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့်ပြည့်စုံမှုသည် မြင်နိုင်မည်မဟုတ်ချေ။ သူ၏ ဉာဏ်ပညာကို မည်သည့်နေရာ၌ သွားပြီး ထင်ရှားပြမည်နည်း။ ဤအရာကြောင့် ဘုရားသခင်သည် စာတန်အတွက် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ အနာဂတ်တွင် ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို ဖော်ပြလိမ့်မည်၊ ဤကဲ့သို့ မဟုတ်လျှင် လူသားသည် မည်ကဲ့သို့ ဘုရားသခင်၏ ဉာဏ်ပညာကို ရှာတွေ့နိုင်မည်နည်း။ လူသားသည် သူ့ကို ပြန်လည်မပုန်ကန်ဘူးဆိုလျှင် သူ၏ပြုမူဆောင်ရွက်မှုများကို ထင်ရှားပြဖို့ လိုအပ်မည်မဟုတ်ချေ။ ဖန်ဆင်းခြင်း အားလုံးသည် သူ့ကို ကိုးကွယ်ဖို့နှင့် လိုက်နာမည်ဆိုလျှင် သူ့မှာ ဘာမျှလုပ်စရာရှိမည် မဟုတ်" ဟုပြောသည်။ ဤအရာသည် သမ္မာတရားနှင့် သာ၍ပင် ဝေးသွားသည်။ ဘုရားသခင်နှင့် ပတ်သက်၍ ညစ်ညမ်းခြင်း ဘာမျှ မရှိသည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သူသည် ညစ်ညမ်းမှုကို ဖန်ဆင်းနိုင်မည် မဟုတ်ချေ။ သူသည် သူ၏ ပြုမူဆောင်ရွက်မှုများကို ယခုဖွင့်ပြခြင်းသည် အစအဦးကတည်းက သူ့လက်အောက်မှာရှိခဲ့ပြီး သူ့ကို ပြန်လည်တွန်းလှန်သည့်၊ သစ္စာဖောက်သည့်၊ သူ့ကိုမုန်းသည့် စာတန်နှင့် နတ်ဆိုးများကို ချေမှုန်းပြီး သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သူ၏ရန်သူကို အောင်နိုင်ဖို့အတွက်ဖြစ်သည်။ ဘုရားသခင်သည် ဤနတ်ဆိုးများကို ချေမှုန်းချင်သည်။ ဤကဲ့သို့ လုပ်ဆောင်ရင်းနှင့် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကိုလည်း အားလုံးကို ဖွင့်ပြချင်သည်။ ကမ္ဘာပေါ်မှာရှိသည့် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းသည် စာတန်၏ အရိပ်အောက်မှာရှိပြီး မကောင်းဆိုးဝါးတို့၏ အရိပ်အောက်မှာ ရှိသည်။ လူများသည် သူ့ကို သိကျွမ်းလာစေဖို့အတွက် ဘုရားသခင်သည် အရာအားလုံး အပေါ်မှာ သူ၏လုပ်ရပ်များကို ဖွင့်ပြချင်သည်။ ဤကဲ့သို့နည်းနှင့် စာတန်ကို ချေမှုန်းပြီး သူ၏ရန်သူများကို အကြွင်းမဲ့ နှိမ်နင်းပြီးသား ဖြစ်သွားသည်။ ဤအမှုအားလုံးသည် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြခြင်းမှတစ်ဆင့် ပြီးမြောက်စေသည်။ သူ၏ဖန်ဆင်းခံ သတ္တဝါအားလုံးသည် စာတန်၏ အရိပ်အောက်မှာ ရှိနေသောကြောင့် စာတန်ကို ချေမှုန်းဖို့အတွက် သူသည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို ဖွင့်ပြချင်သည်။ စာတန်မရှိခဲ့လျှင် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့လိုမည် မဟုတ်ပေ။ စာတန်က မနှောင့်ယှက်ခဲ့လျှင် သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲမှာ နေထိုင်စေခဲ့မည်ဖြစ်သည်။ သူသည် စာတန်က သူ့ကို သစ္စာမဖောက်ခင် ကောင်းကင်တမန်များကို သို့မဟုတ် ကောင်းကင်တမန်မင်းကို သူ၏ ပြုမူဆောင်ရွက်မှုများ အားလုံးကို အဘယ်ကြောင့် မဖွင့်ပြခဲ့သနည်း။ အစဦး၌ ကောင်းကင်တမန်များနှင့် ကောင်းကင်တမန်မင်းသည် သူ့ကိုသိခဲ့ပြီး သူ့စကားကို လိုက်နာခဲ့လျှင် ဤအဓိပ္ပာယ်မရှိသည့် အမှုများကို ဆောင်ရွက်မည် မဟုတ်ပါဘူး။ စာတန်နှင့် နတ်ဆိုးများ တည်ရှိနေသည့်အတွက် လူများသည် သူ့ကို ခုခံတွန်းလှန်ကြပြီး ပုန်ကန်လိုသည့် စိတ်သဘောထားများနှင့် ပြည့်နေကြသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြချင်သည့် ဆန္ဒရှိသည်။ သူသည် စာတန်နှင့် စစ်ပွဲဆင်နွှဲလိုသည့်အတွက် စာတန်ကို အောင်နိုင်ဖို့အတွက် သူ၏ ကိုယ်ပိုင်အခွင့်အာဏာနှင့် သူ၏ ပြုမူဆောင်ရွက်မှုအားလုံးကို အသုံးပြုရပါမည်။ ဤနည်းလမ်းအားဖြင့် လူသားများကြားမှာ သူလုပ်ဆောင်သည့် သူ၏ ကယ်တင်ခြင်းအမှုသည် လူသားမျိုးနွယ်ကို သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို မြင်စေမည် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏ ဆောက်ရွက်သည့် အလုပ်သည် အဓိပ္ပာယ်နှင့် ပြည့်စုံပြီး အချို့လူများ ဤကဲ့သို့ပြောသကဲ့သို့နှင့် လုံးဝ မဆင်တူပေ။ "ကိုယ်တော် လုပ်သည့်အလုပ်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေပေလော။ ဤအဆက်မပြတ် လုပ်ဆောင်မှုများသည် ကိုယ်တော့်ကိုယ် ကိုယ်တော် ဒုက္ခပေးခြင်း သက်သက်ပင် မဟုတ်ပေလော။ ကိုယ်တော်က စာတန်ကို ဖန်ဆင်းခဲ့သည်။ ပြီးလျှင် ကိုယ်တော့်ကို သစ္စာဖောက်စေပြီး တွန်းလှန်စေသည်။ ကိုယ်တော်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်။ ပြီးလျှင် စာတန်၏ လက်ထဲကို ထည့်လိုက်သည်။ ပြီးလျှင် ကိုယ်တော်က အာဒံနှင့် ဧဝကို သွေးဆောင်ခြင်း ခံရစေသည်။ ကိုယ်တော်က ဤအရာများကို တမင်သက်သက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်အတွက် အဘယ်ကြောင့် လူသားများကို မုန်းတီးသနည်း။ ကိုယ်တော် အဘယ်ကြောင့် စာတန်ကို မုန်းတီးသနည်း။ ဤအရာများက ကိုယ်တော် ကိုယ်တိုင် ပြုလုပ်သည့်အရာများ မဟုတ်ဘူးလား။ ကိုယ်တော် အဘယ်မုန်းစရာရှိသနည်း။" အဓိပ္ပာယ် မရှိသည့် လူအများအပြားသည် ဤကဲ့သို့ပြောကြသည်။ သူတို့သည် ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိသည်။ သို့သော်လည်း သူတို့၏ နှလုံးသားထဲမှာတော့ ဘုရားသခင်ကို စောဒကတက်ကြသည်။ မည်မျှ ရှေ့နောက်မညီ ဖြစ်နေသနည်း။ သင်သည် သမ္မာတရားကို နားမလည်ပေ။ သင်၌ သဘာဝလွန် အတွေးများ များစွာရှိနေပြီး ဤအရာသည်လည်း ဘုရားသခင်၏ အမှားဟုပင် သင်ပြောဆိုသည်။ အလွန်အမင်း အဓိပ္ပာယ်မရှိခြင်းပင်။ သမ္မာတရားကို လိမ်လည်သူမှာ သင်ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ အမှားမဟုတ်။ အချို့လူများကဆိုလျှင် ထပ်ခါတလဲလဲ စောဒကတက်ကြသည်။ "စာတန်ကို ဖန်ဆင်းသည်မှာ ကိုယ်တော်ပင်။ လူသားမျိုးနွယ်ကို စာတန် လက်ထဲသို့ ပေးအပ်လိုက်သည်မှာလည်း ကိုယ်တော်ပင်။ လူသားမျိုးနွယ်သည် စာတန်၏ စိတ်သဘောထားများ ရှိနေသည်။ သူတို့ကို ခွင့်လွှတ်ရမည့်အစား ကိုယ်တော်က သူတို့ကို အတိုင်းအတာတစ်ခုအထိ မုန်းတီးသည်။ အစမှာတော့ ကိုယ်တော်သည် လူသားမျိုးနွယ်ကို အတိုင်းအတာတစ်ခုအထိ ချစ်ခဲ့သည်။ လူ့လောကကြီးထဲကို စာတန်ထံသို့ ကိုယ်တော်ထည့်ခဲ့သည်။ ယခုတော့ လူသားမျိုးနွယ်ကို ကိုယ်တော် မုန်းတီးနေပြီ။ လူသားမျိုးနွယ်ကို ချစ်ပြီး မုန်းတီးသည်မှာ ကိုယ်တော်ပင်။ ဤအရာများအတွက် မည်ကဲ့သို့ဖြေရှင်းမည်နည်း။ ဤအရာသည် ရှေ့နောက်မညီ ဖြစ်နေသည် မဟုတ်လော" ဟု စောဒကတက်ကြသည်။ သင်တို့သည် မည်ကဲ့သို့ပင် မြင်သည်ဖြစ်စေ ကောင်းကင်ဘုံ၌ ဤကဲ့သို့ဖြစ်ခဲ့သည်။ ကောင်းကင်တမန်မင်းသည် ဤနည်းလမ်းနှင့် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်။ လူသားမျိုးနွယ်သည်လည်း ဤနည်းလမ်းနှင့်ပင် ပျက်စီးခဲ့ပြီး ဤပုံစံအတိုင်းပင် ယနေ့အထိ ဆက်သွားခဲ့သည်။ သင်တို့မည်ကဲ့သို့ပင်လုပ်ပြီး ပြောပါစေ ဤအရာက ဖြစ်ခဲ့သမျှ အရာအားလုံးပင်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့ကို ကယ်တင်ပြီး စာတန်ကို ချေမှုန်းဖို့အတွက် ယနေ့လုပ်ဆောင်မှုများကို လုပ်သည်ဆိုခြင်းကို သင်တို့ နားလည် ရပါမည်။ ကောင်းကင်တမန်သည် အထူးသဖြင့် အားနည်းပြီး တန်ခိုးအစွမ်းများကို မပိုင်ဆိုင်သောကြောင့် အခွင့်အာဏာကို အပေးခံရသည့်အချိန်၌ ဘဝင်မြင့်လာသည်။ အထူးသဖြင့် အခြား ကောင်းကင်တမန်များထက် ပိုပြီးမြင့်မားသည့် ကောင်းကင်တမန်မင်းဖြစ်သည်။ ကောင်းကင်တမန်မင်းသည် ကောင်းကင်တမန်အားလုံး၏ ဘုရင်ဖြစ်ခဲ့သည်။ သူသည် သန်းပေါင်းများစွာသော ကောင်းကင်တမန်များကို ဦးဆောင်ခဲ့ပြီး ယေဟောဝါ၏ အောက်မှာ သူ၏အခွင့်အာဏာသည် အခြား ကောင်းကင်တမန်များထက် သာလွန်ခဲ့သည်။ ၎င်းသည် ဟိုအရာလည်း လုပ်ချင်၊ ဤအရာလည်း လုပ်ချင်ဖြစ်ခဲ့ပြီး လောကကြီးကို ကြီးကြပ်ဖို့ ကောင်းကင်တမန်များကို လူ့လောကကြီးထဲ ဦးဆောင်ချင်ခဲ့သည်။ ဘုရားသခင်သည် စကြဝဠာကို သူအုပ်ချုပ်သည်ဟု ပြောသည်။ ကောင်းကင်တမန်မင်းက စကြဝဠာကို အုပ်ချုပ်ဖို့ ၎င်းပိုင်သည်ဟု ပြောခဲ့သည်။ ပြီးနောက်မှာတော့ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်။ ကောင်းကင်ဘုံမှာ ဘုရားသခင်သည် အခြား လောကကြီးတစ်ခုကို ဖန်ဆင်းခဲ့သည်။ ကောင်းကင်တမန်မင်းသည် ဤလောကကြီးကို အုပ်ချုပ်လိုစိတ်ရှိပြီး လူသား၏နယ်ပယ်ကို ဆင်းသက်ချင်သည်။ ဘုရားသခင်သည် ဤအရာကို ခွင့်ပြုနိုင်ပါမည်လော။ ထို့ကြောင့် ၎င်းကို ဘုရားသခင်သည် လေထဲကို နှင်ချခဲ့သည်။ စာတန်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည့် အချိန်ကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် စာတန်နှင့် စစ်ဆင်နွှဲခဲ့သည်။ စာတန်ကို ချေမှုန်းဖို့အတွက် ဤနှစ်ပေါင်း ၆၀၀၀ ကို သူအသုံးပြုခဲ့သည်။ အနန္တတန်ခိုးနှင့် ပြည့်စုံသည့် ဘုရားသခင် အပေါ်မှာ သင့်အယူအဆသည် ဘုရားသခင် ယခုလုပ်ဆောင်နေသည့် အလုပ်နှင့် ကိုက်ညီမှုမရှိချေ။ လက်တွေ့မှာ အလုပ်မဖြစ်ဘဲ အလွန်အမင်း အဓိပ္ပာယ်မရှိချေ။ အမှန်တွင် ဘုရားသခင်သည် ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်ပြီးသည့် အခါမှသာ ၎င်းကို ရန်သူအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ လူ့လောကကို ရောက်ရှိပြီးသည့်နောက်မှာ လူသားမျိုးနွယ်အပေါ်ကို နင်းခြေခဲ့သည့် ၎င်း၏ သစ္စာဖောက်မှုကြောင့်သာ ဖြစ်ပြီး၊ ထို့ကြောင့်သာ လူသားမျိုးနွယ်သည် ယခုအခြေအနေကို ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် စာတန်နှင့် ကျိန်ဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ "ငါသည် သင့်ကိုချေမှုန်း၍ လူသားမျိုးနွယ်၊ ငါ၏ဖန်ဆင်းခြင်းကို ကယ်တင်မည်။" စာတန်သည် အစမှာတော့ မယုံကြည်ဘဲ ပြောသည်။ "ကိုယ်တော်သည် ကျွန်ုပ်အား အဘယ်အရာ ပြုနိုင်မည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား လေထဲသို့ နှင်ချနိုင်မည်လော။ ကိုယ်တော်သည် ကျွန်ုပ်အား ဧကန်အမှန်ပင် ချေမှုန်းနိုင်မည်လော။" ဘုရားသခင်သည် စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်ပြီးသည့်နောက် စာတန်သည် ဆက်ပြီးနှောင့်ယှက်နေသော်လည်း ထပ်ပြီး အရေးမစိုက်တော့ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သူ၏အလုပ်ကို စလုပ်သည်။ စာတန် လုပ်နိုင်သည့်အရာက ဘုရားသခင်ပေးသည့် အစွမ်းကို ကျေးဇူးတင်ဖို့ပင် ဖြစ်သည်။ ၎င်းသည် လေထဲမှာ ဤအစွမ်းများကို ၎င်းနှင့်အတူယူသွားပြီး ဤနေ့အထိ ဤအစွမ်းများကို သိမ်းဆည်းထားတုန်းပင် ဖြစ်သည်။ ဘုရားသခင်သည် စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်ပြီးသည့်နောက် သူ၏ အခွင့်အာဏာကိုကား ပြန်မယူခဲ့ချေ။ ထို့ကြောင့် ၎င်းသည် လူသားမျိုးနွယ်ကို ဆက်လက်ပြီး ဖျက်ဆီးနေသည်။ တစ်ဖက်မှာတော့ ဘုရားသခင်သည် ဖန်ဆင်းခံရပြီးသည့်နောက် စာတန် ဖျက်ဆီးခဲ့သည့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် စတင်အလုပ်လုပ်ခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိနေစဉ်မှာ သူ၏ပြုမူဆောင်ရွက်မှုများကို မဖွင့်ပြခဲ့ချေ။ သို့သော်လည်း ကမ္ဘာကြီးကို မဖန်ဆင်းခင်၊ ကောင်းကင်ဘုံ၌ သူဖန်ဆင်းခဲ့သည့် လောကကြီးထဲ ရှိသည့်သူများကို သူ၏ လုပ်ဆောင်မှုများအား မြင်နိုင်ဖို့အတွက် အခွင့်ပေးခဲ့ပြီး သူတို့ကို ကောင်းကင်ဘုံအထက်သို့ ခေါ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို ဉာဏ်ပညာနှင့် အသိဉာဏ်ကို ပေးခဲ့ပြီး သူတို့ကို ဤလောကကြီးထဲမှာ ဦးဆောင်နေစေခဲ့သည်။ ပုံမှန်ဆိုလျှင်တော့ ဤအရာကို သင်တို့တစ်ယောက်မျှ ကြားဖူးမည်မဟုတ်ချေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးသည့်နောက်မှာ ကောင်းကင်တမန်မင်းသည် လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ရန် စတင်ပြုလုပ်လာသည်။ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ် အားလုံးသည် ဗရမ်းဗတာ ဖြစ်နေကြသည်။ ဤအချိန်မှသာ ဘုရားသခင်သည် စာတန်နှင့်စစ်ပွဲကို စတင်ခဲ့သည်။ ဤအချိန်မှသာ လူများသည် သူ၏ ပြုမူဆောင်ရွက်မှုများကို မြင်ခဲ့သည်။ အစမှာတော့ သူ၏ ပြုမူဆောင်ရွက်မှုများသည် လူသားမျိုးနွယ်ထံမှ ဖုံးကွယ်ထားခြင်း ခံရသည်။ စာတန်သည် လေထဲကို နှင်ချခံရပြီးသည့်နောက် ၎င်းသည် ၎င်း၏ အရေးကိစ္စ၌သာ အာရုံစိုက်ပြီး၊ ဘုရားသခင်သည်လည်း သူ့အလုပ်၌သာ အာရုံစိုက်လျက် နောက်ဆုံးသော ကာလအထိ စာတန်နှင့် စစ်ပွဲကို အဆက်မပြတ် ဆင်နွှဲခဲ့သည်။ ယခုအချိန်ကား စာတန် ဖျက်ဆီးခံရမည့် အချိန်ဖြစ်သင့်ပါပြီ။ အစအဦး၌ ဘုရားသခင်သည် စာတန်ကို အခွင့်အာဏာပေးခဲ့သည်။ နောက်မှာတော့ ဘုရားသခင်သည် စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်သော်လည်း စာတန်သည် ခိုင်မာသည့် စိတ်သဘောနှင့် နေခဲ့သည်။ နောက်မှာတော့ ၎င်းသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်များကို ဖျက်ဆီးခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် လူသားမျိုးနွယ်များကို စီမံခန့်ခွဲလျက် ကမ္ဘာပေါ်မှာ ရှိနေခဲ့ပေသည်။ ဘုရားသခင်သည် စာတန်ကို ချေမှုန်းနိုင်ဖို့ သူ၏စီမံခန့်ခွဲထားသည့် လူများကို အသုံးပြုသည်။ လူများကို ဖျက်ဆီးခြင်းအားဖြင့် စာတန်သည် လူသားတို့၏ ကံကြမ္မာကို အဆုံးသတ်စေပြီး ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်သည်။ တစ်ဖက်၌လည်း ဘုရားသခင်၏အလုပ်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အလုပ်၏ မည်သည့်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ငှာ ရည်ရွယ်ထားခြင်း မဟုတ်သနည်း။ အဘယ်အဆင့်က လူများကို သန့်ရှင်းစေဖို့၊ ဖြောင့်မတ်သည့်အရာကို သူတို့ပြုလုပ်စေဖို့နှင့် ချစ်ခြင်းကို ခံရနိုင်သည့် ပုံရိပ်ကို ဖန်တီးပေးမည့် အပြုအမူနှင့် နေထိုင်ဖို့ မရည်ရွယ်ပါသနည်း။ သို့သော်လည်း စာတန်မူကား ဤကဲ့သို့မလုပ်ခဲ့ပေ။ ၎င်းသည် လူသားမျိုးနွယ်ကို ဖျက်ဆီးသည်။ ၎င်းသည် စကြဝဠာတစ်လျှောက် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် ၎င်း၏အလုပ်ကို အဆက်မပြတ် လုပ်ဆောင်နေသည်။ ဘုရားသခင်ကလည်း သူ၏အလုပ်ကို သူလုပ်နေသည်။ သူသည် စာတန်ကို အရေးမစိုက်ချေ။ စာတန်၌ အခွင့်အာဏာ မည်မျှပင်ရှိရှိ သူ၏အခွင့်အာဏာက ဘုရားသခင်ထံမှ ရခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အခွင့်အာဏာအားလုံးကို အမှန်တကယ် ပေးလိုက်ခြင်းကား မဟုတ်။ ထို့ကြောင့် စာတန်သည် မည်ကဲ့သို့ပင်လုပ်ပါစေ ဘုရားသခင်ကို မကျော်လွန်နိုင်ပါဘဲ ဘုရားသခင်၏ လက်ထဲ၌သာ အမြဲတမ်းရှိနေသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်မှာ သူ၏ ပြုမူလုပ်ဆောင်မှုများကို ဖွင့်မပြခဲ့ပေ။ ကောင်းကင်တမန်များကို အုပ်ချုပ်ဖို့အတွက် စာတန်ကို အခွင့်အာဏာ တစ်စိတ်တစ်ပိုင်းလောက်သာ ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းမည်သည့်အရာလုပ်လုပ် ဘုရားသခင်၏ အာဏာကို မကျော်လွန်နိုင်ချေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင် ၎င်းကိုပေးခဲ့သည့် အခွင့်အာဏာသည် ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်က အလုပ်လုပ်နေချိန်မှာ စာတန်က နှောင့်ယှက်သည်။ နောက်ဆုံးသောကာလမှာ စာတန်၏နှောင့်ယှက်မှုသည် ပြီးဆုံးသွားမည်ဖြစ်သည်။ ဤကဲ့သို့ပင် ဘုရားသခင်၏ အလုပ်သည်လည်း ပြီးဆုံးပါလိမ့်မည်။ ဘုရားသခင်က ပြည့်စုံစေချင်သည့် လူမျိုးကလည်း ပြည့်စုံသွားပါလိမ့်မည်။ ဘုရားသခင်သည် လူများကို အပြုသဘောဆောင်ပြီး ညွှန်ကြားသည်။ သူ၏ အသက်သည် အကန့်အသတ်မရှိဖြစ်ပြီး တိုင်းတာ၍မရသည့် သက်စမ်းရေဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ပျက်ဆီးစေခဲ့သည်။ အဆုံးမှာတော့ ဘဝ၏ သက်စမ်းရေသည် လူသားကို ပြည့်စုံစေမှာဖြစ်ပြီး စာတန်အတွက် တားဆီးနှောင့်ယှက်ဖို့နှင့် ၎င်း၏အလုပ်ကို လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်မည် မဟုတ်တော့ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ယူဆောင်မည်ဖြစ်သည်။ စာတန်သည် ဤအရာကို လက်ခံဖို့ ငြင်းပယ်တုန်းပင်။ ၎င်းသည် ဘုရားသခင်ကို အဆက်မပြတ် ယှဉ်ပြိုင်နေသော်လည်း ဘုရားသခင်မူကား အာရုံမစိုက်ချေ။ ငါသည် စာတန်၏ အမှောင်စွမ်းအားများနှင့် မှောင်မိုက်ခြင်း၏ လွှမ်းမိုးမှုအားလုံးကို အနိုင်ယူမည်ဟု သူပြောခဲ့သည်။ ဤအရာသည် ဇာတိပကတိအထဲမှာ ယခု ပြီးမြောက်စေရမည့် အလုပ်ဖြစ်ပြီး ဤအရာသည် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်လည်း ဖြစ်သည်။ ဤအရာသည် နောက်ဆုံးသောကာလမှာ စာတန်ကို ချေမှုန်းခြင်း အလုပ်၏အဆင့် ပြီးမြောက်စေဖို့ စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးကို ဖယ်ရှားပစ်ဖို့ဖြစ်သည်။ စာတန်ကို ဘုရားသခင် အနိုင်ယူခြင်းသည် ရှောင်လွှဲ၍မရသည့် လမ်းစဉ်တစ်ခုပင် ဖြစ်သည်။ တကယ်တမ်းတော့ စာတန်က ရှုံးနိမ့်ခဲ့သည်မှာ ကြာလှချေပြီ။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် အလုပ်ကိုစလုပ်ပြီး စတင် လှုပ်ရှားသည့်အခါ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဘုရားသခင်၏ ဧဝံဂေလိ သတင်းစကား စတင်ပျံ့နှံ့သွားသည့်အချိန်၌ စာတန်သည် အကြွင်းမဲ့ ချေမှုန်းခံရပြီးဖြစ်သည်။ လူ့ဇာတိခံယူခြင်းသည် စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး သူ့အလုပ်ကိုလည်း စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ကို စာတန်က မြင်ခဲ့ပြီး၊ မည်ကဲ့သို့အင်အားမျိုးကမှ အလုပ်ကို ရပ်တန့်၍မရနိုင်သည်ကို ၎င်းမြင်ခဲ့သည်။ ထို့ကြောင့် ဤလုပ်ဆောင်ခြင်းကို မြင်ခဲ့သည့်အခါ ၎င်းသည် ကြက်သေသေသွားပြီး နောက်ထပ် လုပ်ဆောင်မှုများကို ဆက်မလုပ်ရဲတော့ချေ။ အစ၌ကား စာတန်သည် သူသည်လည်း များပြားသည့် ဉာဏ်ပညာများကို ပိုင်ဆိုင်သည်ဟု ထင်မြင်ပြီး ဘုရားသခင်၏ အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် လူ့ဇာတိကို နောက်တစ်ကြိမ် ခံယူလိမ့်မည် ဆိုသည်ကို မမျှော်လင့်ထားခဲ့ချေ။ သူ၏အလုပ်မှာ ဘုရားသခင်သည် ၎င်း၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ဗျာဒိတ်နှင့် တရားစီရင်မှုအနေနှင့် အသုံးပြုခဲ့ပြီး၊ ဤနည်းလမ်းနှင့် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီး ၎င်းကို ချေမှုန်းမည်ဟု မမျှော်လင့်ခဲ့ပေ။ ဘုရားသခင်သည် ၎င်းထက် ပိုပြီး ဉာဏ်ပညာကြီးမားပြီး သူ၏အလုပ်သည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် အစောပိုင်းမှာ ဤအချက်ကို ငါဖော်ပြခဲ့သည်။ ငါလုပ်သည့် အလုပ်သည် စာတန်၏ လှည့်ကွက်များပေါ်မှာ တုံ့ပြန်သည့်အနေနှင့် လုပ်ဆောင်သည်။ အဆုံးမှာတော့ ငါ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် စာတန်၏ တန်ခိုးအစွမ်းကင်းမဲ့မှုကို ဖွင့်ပြမည်။ ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ဆောင်စဉ်မှာ စာတန်သည် သူ့နောက်မှ အဆုံးမှာ ဖျက်ဆီးခြင်းခံရသည့်အထိ ချောင်းမြောင်းခဲ့သည်။ ၎င်းအဘယ်အရာဖြစ်သွားမှန်းပင် ၎င်းသိလိုက်မည် မဟုတ်။ ၎င်းသည် ဖျက်ဆီး ချေမှုန်းခံရပြီးသည့် အချိန်မှသာ သမ္မာတရားကို သိမြင်လာမည်ဖြစ်သည်။ ဤအချိန်မှာဆိုလျှင် ၎င်းသည် မီးကန်ထဲမှာ လောင်နေပြီးဖြစ်နေမည်ဖြစ်သည်။ ဤအရာဆိုလျှင် ၎င်းသည် လုံးဝ ယုံကြည်လက်ခံသွားမည် မဟုတ်လော။ ၎င်းအတွက် နောက်လုပ်စရာ အစီအစဉ် မရှိတော့သည့် အတွက်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ နှလုံးသားကို ဝမ်းနည်းစေတာက ဤလက်တွေ့ကျသည့် တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ချက်များသာ ဖြစ်သည်။ စာတန်နှင့် သူ၏စစ်ပွဲ ဖြစ်ပျက်နေခဲ့သည်မှာ နှစ်ပေါင်း ၆၀၀၀ ရှိချေပြီ။ ထို့ကြောင့် ဘုရားသခင်က "ငါသည် လူသားမျိုးနွယ်ကို မည်သို့မျှ နောက်တစ်ဖန် ဖန်ဆင်းမည် မဟုတ်သကဲ့သို့၊ ကောင်းကင်တမန်များ အပေါ်၌လည်း အခွင့်အာဏာကို နောက်တစ်ဖန် အပ်နှင်းပေးမည် မဟုတ်" ဟုပြောခဲ့သည်။ ဤမှစပြီးလျှင် ကောင်းကင်တမန်များသည် ကမ္ဘာပေါ်မှာ အလုပ်လုပ်ဖို့အတွက် ဆင်းသက်လာချိန်မှာ ဘုရားသခင်၏ နောက်မှလိုက်ပြီး အလုပ်အချို့သာ လုပ်ကြရသည်။ သူသည် ကောင်းကင်တမန်များကို မည်သည့်အခါမျှ အခွင့်အာဏာ မပေးတော့ပေ။ ဣသရေလလူမျိုးတို့ မြင်ခဲ့သည့် ကောင်းကင်တမန်များသည် သူတို့၏ အလုပ်ကို မည်ကဲ့သို့လုပ်ကြသနည်း။ သူတို့သည် အိပ်မက်များထဲမှာ ကိုယ်ထင်ပြကြပြီး ယေဟောဝါ၏ စကားလုံးများကို သယ်ဆောင်ပေးသည်။ ယေရှုသည် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့ပြီးနောက် သုံးရက်အကြာမှာ ရှင်ပြန်ထမြောက်ပြီးသည့်အခါ ကျောက်ကြီးကို ဘေးကိုတွန်းခဲ့သူများက ကောင်းကင်တမန်များပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအလုပ်ကို သူကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ချေ။ ဤကဲ့သို့ လုပ်ဆောင်ချက်မျိုးကို ကောင်းကင်တမန်များကသာ လုပ်ဆောင်ခဲ့သည်။ သူတို့သည် ထောက်ပံ့ပေးသည့် နေရာ၌သာ ပါဝင်ခဲ့ခြင်းဖြစ်ပြီး အခွင့်အာဏာ မရှိခဲ့ပေ။ ဘုရားသခင်သည် သူတို့ကို မည်သည့်အခါမျှ နောက်ထပ် အခွင့်အာဏာ မပေးအပ်တော့သည့် အတွက်ဖြစ်သည်။ အချိန်အတော်ကြာ အလုပ်လုပ်ပြီးသည့်အခါ ကမ္ဘာမှာ ဘုရားသခင် အသုံးပြုခဲ့သည့် လူသားတို့သည် ဘုရားသခင်၏ နေရာမှ မြင်ယောင်ပြီးပြောသည်။ "ငါစကြဝဠာထက် သာလွန်ချင်သည်။ တတိယကောင်းကင်၌ ငါရပ်တည်ချင်သည်။ အလုံးစုံသော အခွင့်အာဏာကို ငါတို့ ရချင်သည်"ဟု ဆိုကြသည်။ လုပ်ဆောင်ချက်များကို ရက်အနည်းငယ် လုပ်ပြီးသည့်နောက်မှာ သူတို့သည် ဘဝင်မြင့်လာကြသည်။ ကမ္ဘာပေါ်မှာ သူတို့သည် အလုံးစုံသော အခွင့်အာဏာကို လိုချင်ခဲ့ကြသည်။ နောက်ထပ် နိုင်ငံတစ်နိုင်ငံ ထူထောင်ချင်ခဲ့ကြသည်။ အရာအားလုံးကို သူတို့၏ ခြေအောက်မှာ ရောက်စေချင် ပြီး တတိယကောင်းကင်ဘုံမှာ ရပ်တည်ချင်ခဲ့ကြသည်။ သင်သည် ဘုရားသခင် အသုံးပြုသည့် လူသက်သက်သာ ဖြစ်သည်ဆိုခြင်းကို မသိသလော။ တတိယကောင်းကင်ကို သင်မည်ကဲ့သို့တက်နိုင်မည်နည်း။ ဘုရားသခင်သည် တိတ်ဆိတ်စွာနှင့် အော်ဟစ် ကြွေးကြော်ခြင်းမပါဘဲ ကမ္ဘာကို အလုပ်လုပ်ဖို့အတွက် ဆင်းလာပြီး၊ သူ့အလုပ်ကို တိတ်ဆိတ်စွာ ပြီးမြောက်စေပြီးသည့် အခါမှာ ပြန်လည် ထွက်ခွာသွားသည်။ လူသားများကဲ့သို့ အော်ဟစ်ကြွေးကြော်ခြင်း မည်သည့်အခါမျှ မပြုလုပ်ဘဲ သူ့အလုပ်ကို လက်တွေ့ကျကျ သူလုပ်ဆောင်သည်။ ဘုရားကျောင်းထဲကိုဝင်ပြီး "ငါသည် သင်တို့အားလုံးကို ဖယ်ရှားပစ်မည်။ သင်တို့ကို ငါကျိန်ဆို၍ ပြစ်တင်ဆုံးမမည်"ဟုလည်း မအော်ဟစ် မကြွေးကြော်ခဲ့ချေ။ သူ့အလုပ်ကိုသာ သူလုပ်ပြီး ပြီးတာနှင့် တစ်ခါတည်း ပြန်လည်ထွက်ခွာသည်။ ဖျားနာသူများကို ကုသပြီး နတ်ဆိုးများကို နှင်ထုတ်သူ၊ တရားဟောခုံပေါ်မှ သူများကို ဆရာလုပ်သူ၊ ရှည်လျားပြီး ဟိတ်ဟန်များသည့် မိန့်ခွန်းများကို ပြောသူ၊ လက်တွေ့နည်းလမ်း မကျသည့်အရာများကို ဆွေးနွေးသူများဖြစ်သည့် ဘာသာရေး သင်းအုပ်များသည် အူတိုင်အထိကို ဘဝင်မြင့်နေသည်။ သူတို့သည် ကောင်းကင်တမန်မင်းဆီမှ ဆင်းသက်လာသူများပင် ဖြစ်သည်။ သူ၏နှစ်ပေါင်း ၆၀၀၀ လုပ်ငန်းများကို လက်ရှိအချိန်အထိ လုပ်ဆောင်ပြီးနောက်မှာ ဘုရားသခင်သည် သူ၏ ပြုမူလုပ်ဆောင်မှု အများအပြားကို ဖွင့်ပြပြီး ဖြစ်သည်။ အဓိကမှာ စာတန်ကို ချေမှုန်းဖို့နှင့် လူသားမျိုးနွယ် အားလုံးကို ကယ်တင်ဖို့ဖြစ်သည်။ သူသည် ဤအခွင့်အရေးကို အသုံးပြုပြီး ကောင်းကင်ဘုံ၌ရှိသည့် အရာအားလုံး၊ မြေကြီးပေါ်မှာ ရှိသည့်အရာအားလုံး၊ ပင်လယ်ထဲမှာရှိသည့် အရာအားလုံးနှင့် ဘုရားသခင်၏ ဖန်ဆင်းခြင်းအားလုံးကို ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် ဘုရားသခင်၏ ပြုမူဆောင်ရွက်မှုများ အားလုံးကို မြင်စေဖို့ အခွင့်ပေးခဲ့သည်။ သူသည် စာတန်ကို ချေမှုန်းဖို့ အခွင့်အရေးကို ဆုပ်ကိုင်ပြီး လူများက စာတန်ကိုအောင်နိုင်သည့် သူ၏ဉာဏ်ပညာကို ချီးမြှောက်ဖို့၊ သူ့ကို ချီးမွမ်းနိုင်စေရန် ခွင့်ပြုဖို့နှင့် လူသားမျိုးနွယ် အပေါ်မှာ သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့ ပြုလုပ်ခဲ့သည်။ ကမ္ဘာပေါ်၊ ကောင်းကင်ဘုံနှင့် ပင်လယ်အတွင်းရှိသည့်အရာအားလုံးသည် သူ၏ဘုန်းကို သယ်ဆောင်လာပြီး သူ၏အနန္တတန်ခိုးနှင့် ပြည့်စုံခြင်းနှင့် သူ၏ပြုမူဆောင်ရွက်မှုများကို ချီးမွမ်းပြီး သူ၏ သန့်ရှင်းသည့် အမည်နာမကို ဟစ်အော်ကြသည်။ ဤအရာသည် စာတန်ကို သူချေမှုန်းနိုင်ခြင်း၏ သက်သေဖြစ်သည်။ စာတန်ကို သိမ်းပိုက်အောင်နိုင်ခြင်း၏ သက်သေ ဖြစ်သည်။ ပိုပြီးအရေးကြီးသည့်အရာက ၎င်းသည် သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း သက်သေပင် ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းမှု အားလုံးသည် သူ၏ဘုန်းကို သယ်ဆောင်လာသည်။ သူ၏ရန်သူကို ချေမှုန်းပြီး အနိုင်ရကာ ပြန်လာခြင်းအတွက် သူ့ကို ချီးမွမ်းကြသည်။ ကြီးကျယ်သည့် အောင်နိုင်သူ ရှင်ဘုရင် အနေနှင့် ချီးမြှောက်ကြသည်။ သူ၏ ရည်ရွယ်ချက်သည် စာတန်ကို ချေမှုန်းဖို့သက်သက်ပင် မဟုတ်ချေ။ ထို့ကြောင့် သူသည် နှစ်ပေါင်း ၆၀၀၀ ကြာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် စာတန်ကို အောင်နိုင်ခြင်းကို အသုံးပြုခဲ့သည်။ သူသည် သူ၏ပြုမူဆောင်ရွက်မှုများ အားလုံးနှင့် သူ၏ဘုန်းတော် အားလုံးတို့ကို ဖွင့်ပြဖို့အတွက် စာတန်ကိုအောင်နိုင်ခြင်းကို အသုံးပြုသည်။ သူသည် ဘုန်းကို ရရှိမည်ဖြစ်ပြီး ကောင်းကင်တမန်အားလုံးသည် သူ၏ ဘုန်းအားလုံးကို မြင်ကြရမှာဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသည့် တမန်များ၊ ကမ္ဘာမှာရှိသည့် လူသားများနှင့် ကမ္ဘာမှာ ရှိသည့် ဖန်ဆင်းခြင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ ဘုန်းကို မြင်ကြရမည်ဖြစ်သည်။ ဤအရာသည် သူလုပ်ဆောင်သည့် အလုပ်ပင် ဖြစ်သည်။ ကောင်းကင်ဘုံနှင့် မြေကြီးမှာရှိသည့် သူ၏ ဖန်ဆင်းထားသော အရာများသည် သူ၏ဘုန်းအားလုံးကို မြင်ရမှာ ဖြစ်ပြီး၊ စာတန်ကို အပြတ်အသတ် အောင်နိုင်ပြီးနောက်မှာ အောင်နိုင်သူအဖြစ် ပြန်လာပြီး လူသား မျိုးနွယ်ကို သူ့ကို ချီးမွမ်းစေမှာ ဖြစ်သည်။ ထို့ကြောင့်သူသည် ဤရှုထောင့်နှစ်ခုလုံးကို အောင်မြင်စွာ ရရှိမည်ဖြစ်သည်။ အဆုံးမှာ လူသားမျိုးနွယ် အားလုံးကို သူသည် သိမ်းပိုက်အောင်နိုင်မည် ဖြစ်ပြီး ခုခံပုန်ကန်သည့် သူအားလုံးကို ဖယ်ရှားပစ်မည် ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်နှင့် သက်ဆိုင်သည့်သူအားလုံးကို ဖယ်ရှားပစ်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ဤပြုမူဆောင်ရွက်မှုများ အားလုံးကို မြင်သော်လည်း သင်သည် ခုခံပုန်ကန်နေဆဲဖြစ်ပြီး ဆက်ကပ်အပ်နှံခြင်း မရှိချေ။ သင်ကိုယ်တိုင်၏ အတွင်းထဲ၌ အကြောင်းအရာများစွာ ခိုအောင်းထားပြီး သင်စိတ်ဆန္ဒ ရှိသကဲ့သို့ လုပ်ဆောင်သည်။ သင်၏ ကိုယ်ပိုင်တပ်မက်မှုနှင့် နှစ်သက်မှုတို့၏ နောက်ကိုလိုက်သည်။ ဤအရာသည် ပုန်ကန်ခြင်းဖြစ်သည်။ ဤအရာသည် ခုခံခြင်းဖြစ်သည်။ ကိုယ်ပိုင်တပ်မက်မှုအတွက်၊ နှစ်သက်မှုအတွက်၊ လောကအတွက်နှင့် စာတန်အတွက်၊ ဇာတိပကတိတို့အတွက် ဆောင်ရွက်ခဲ့သည့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ညစ်ညမ်းသည်။ ဤအရာသည် ခုခံပုန်ကန်ခြင်းဖြစ်သည်။ ယခုအခါမှာ မတူညီသည့် ယုံကြည်မှုပေါင်းစုံရှိသည်။ အချို့သည် ဒုက္ခများမှ နားခိုရာကိုရှာသည်။ အချို့က ကောင်းချီးကိုရှာသည်။ အချို့က ထူးဆန်းသောအရာများကို နားလည်ချင်သည်။ အချို့က ငွေရဖို့ ကြိုးစားနေကြဆဲဖြစ်သည်။ ဤအရာသည် ပုန်ကန်ခြင်း ပုံစံများပင် ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ပြစ်မှားခြင်းများပင် ဖြစ်သည်။ ခုခံပုန်ကန်သည်ဟု ပြောဖို့မှာ ဤအရာများနှင့် ပတ်သက်နေသည် မဟုတ်လော။ ယနေ့လူအများစုသည် ငြီးတွားသည်၊ အထွန့်တက်သည် သို့မဟုတ် တရားစီရင်ခြင်းတို့ ပြုလုပ်ကြသည်။ ဤအရာများအားလုံးသည် ဆိုးယုတ်မှုအားဖြင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ သူတို့သည် ခုခံပုန်ကန်သူ လူသားများဖြစ်သည်။ ဤကဲ့သို့လူများသည် စာတန်၏ ပိုင်ဆိုင်ထားခြင်း ခံရသည်။ ဘုရားသခင် ရရှိထားသည့် လူများသည် သူ့ကို လုံးဝအပြီးအပ်နှံထားသူများ ဖြစ်သည်။ သူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသော်လည်း ကယ်တင်ခြင်းခံရပြီး ယခုတော့ သူ၏ လုပ်ဆောင်မှုအားဖြင့် သိမ်းပိုက်ခံရသူ၊ ဒုက္ခဆင်းရဲကို ခံခဲ့ပြီး အဆုံးမှာ ဘုရားသခင်၏ ရွေးနုတ်ခြင်းကို ခံရပြီး စာတန်၏အရိပ်မှာ မနေတော့ဘဲ မဖြောင့်မတ်ခြင်းမှ လွတ်မြောက်သွားသည့်သူ၊ သန့်ရှင်းခြင်းအတိုင်း အသက်ရှင်ဖို့ ဆန္ဒရှိသူများ ဖြစ်သည်။ သူတို့သည် အသန့်ရှင်းဆုံးသော လူများဖြစ်သည်။ သူတို့သည် သန့်ရှင်းသူများ ဖြစ်သည်။ သင်၏ လက်ရှိအပြုအမူများသည် ဘုရားသခင်၏ လိုအပ်ချက်များနှင့် မကိုက်ညီလျှင် သင်သည် ဖယ်ရှင်းခံရမည် ဖြစ်သည်။ ဤအရာသည် ငြင်းပယ်၍မရသည့် အရာဖြစ်သည်။ လက်ရှိကာလအပေါ်မှာ မူတည်ပြီး အရာအားလုံးသည် ပြီးမြောက်သည်။ သူသည် ကြိုတင်ခွဲခန့်မှတ်သားထားပြီး သင့်ကိုရွေးချယ်ပြီး ဖြစ်သော်လည်း ယနေ့သင်၏ အပြုအမူများသည် သင့်၏ရလဒ်များအပေါ်မှာ သက်ရောက်မှု ရှိနေဦးမည် ဖြစ်သည်။ သင်သည် အမီမလိုက်နိုင်လျှင် ဖယ်ရှင်းခြင်းခံရမည်ဖြစ်သည်။ သင်သည် ယခု အမီမလိုက်နိုင်လျှင် နောက်ကျလျှင်လည်း မီအောင်လိုက်နိုင်ဖို့ မည်ကဲ့သို့မျှော်လင့်၍[က] ရမည်နည်း။ ယခု သင့်ရှေ့မှာ ကြီးမားသည့် နိမိတ်လက္ခဏာတစ်ခု ပေါ်ပေါက်ခဲ့သော်လည်း သင်သည် မယုံကြည်သေး။ ငါ့ကို ပြောလော့။ ဘုရားသခင်သည် သူ့အလုပ်ကို ပြီးမြောက်ပြီးနောက်၌ နောက်ထပ် ဤကဲ့သို့အလုပ်မျိုး မရှိတော့သည့် အခါမှာ နောက်ပိုင်းမှာ သူ့ကို သင်မည်ကဲ့သို့ယုံကြည်မည်နည်း။ ဤအချိန်မှာဆိုလျှင် သင့်အတွက် သူ့နောက်ကို လိုက်ဖို့ သာ၍ပင် မဖြစ်နိုင်တော့ပေ။ နောက်ပိုင်း၌ ဘုရားသခင်သည် သင်သည် ဖယ်ရှားခြင်း ခံရသည့်သူလော သို့မဟုတ် ပြည့်စုံသည့်သူလောဆိုသည်ကို ခွဲခြားဖို့ သို့မဟုတ် သင်သည် အပြစ်ရှိသူလော သို့မဟုတ် ဖြောင့်မတ်သူလော ဆိုတာကို ခွဲခြားဖို့ သင်၏အတွေ့အကြုံနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် ပတ်သက်သည့် သင်၏သဘောထားနှင့် အသိပညာအပေါ်မှာ မူတည်မည်ဖြစ်သည်။ သင်ယခု ရှင်းရှင်းလင်းလင်း မြင်သင့်ပါပြီ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤကဲ့သို့အလုပ်လုပ်သည်။ ယနေ့သင်၏ အပြုအမူအပေါ်မှာ မူတည်ပြီး သင်၏ ရလဒ်ကို သူခွဲခြားဆုံးဖြတ်သည်။ ယနေ့နှုတ်ကပတ်တော်များကို မည်သူပြောသနည်း။ ယနေ့အလုပ်များကို မည်သူလုပ်သနည်း။ ယနေ့ သင်သည် ဖယ်ရှားခြင်းခံရမည်ဟု မည်သူဆုံးဖြတ်ပါသနည်း။ မည်သူက သင့်ကို ပြည့်စုံစေဖို့ ဆုံးဖြတ်သနည်း။ ဤအရာသည် ငါကိုယ်တိုင် လုပ်သည့်အရာများ မဟုတ်သလော။ ဤနှုတ်ကပတ်တော်များကို ပြောသည့်သူမှာ ငါပင်။ ဤအလုပ်ကို လုပ်ဆောင်သူသည် ငါပင်။ လူများကို ကျိန်ဆိုခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ငါ၏အလုပ် အစိတ်အပိုင်း အားလုံးပင်။ အဆုံးမှာတော့ သင့်ကို ဖယ်ရှားခြင်းသည်လည်း ငါ၏ ကိုယ်ပိုင်အလုပ် ဖြစ်ပါလိမ့်မည်။ အားလုံးက ငါ၏ကိုယ်ပိုင်အလုပ် ဖြစ်သည်။ သင့်ကို ပြည့်စုံအောင် ပြုလုပ်ခြင်းသည် ငါ၏ ကိုယ်ပိုင်အလုပ်ဖြစ်သည်။ ကောင်းချီးများကို သင့်အား ခံစားစေခြင်းသည်လည်း ငါ၏ ကိုယ်ပိုင်အလုပ်ဖြစ်သည်။ ဤအရာများအားလုံးသည် ငါ၏ ကိုယ်ပိုင်အလုပ်များဖြစ်သည်။ သင်၏ ရလဒ်များသည် ယေဟောဝါက ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မရှိပေ။ ယနေ့ ဘုရားသခင်က ခွဲခြားသတ်မှတ်သည်။ ယခု ခွဲခြားသတ်မှတ်သည်။ လောကကြီးကို မဖန်ဆင်းခင်က သတ်မှတ်ထားပြီး မဟုတ်ပေ။ အချို့ အဓိပ္ပာယ်မရှိသည့်လူများက "ကိုယ်တော့်မျက်လုံးက တစ်ခုခုမှားနေခြင်း ဖြစ်ပေမည်။ ကိုယ်တော်က ကျွန်ုပ်ကို ကိုယ်တော် မြင်သင့်သည့်အတိုင်း မမြင်။ အဆုံး၌ ဝိညာဉ်တော်က အရာအားလုံးကို မည်ကဲ့သို့ ထင်ရှားစေသည်ဆိုသည်ကို ကိုယ်တော် မြင်လိမ့်မည်" ဟု ပြောကြသည်။ ယေရှုသည် နဂိုမူလ ကတည်းက ယုဒကို သူ၏တပည့်အဖြစ် ရွေးချယ်ခဲ့သည်။ ယေရှုက သူနှင့်ပတ်သက်ပြီး အမှားတစ်ခု လုပ်ခဲ့သည်ဟု လူများက ထင်ကြသည်။ သူ့ကို သစ္စာဖောက်မည့် နောက်လိုက်ကို သူအဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။ အစ၌ ယုဒသည် ယေရှုကို သစ္စာဖောက်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။ ဤအရာသည် နောက်မှသာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ဤအချိန်မှာ ယေရှုသည် ယုဒကို အတော်အတန် မျက်နှာသာပေး ကြည့်ရှုခဲ့သည်။ သူသည် လူသားကို သူ့နောက်ကို လိုက်စေခဲ့ပြီး သူတို့၏ ငွေရေးကြေးရေးကိစ္စကို သူ့ကို တာဝန်ယူစေခဲ့သည်။ ယုဒသည် ပိုက်ဆံကို အလွဲသုံးစား လုပ်မည်ဆိုတာကိုသာ သူသိခဲ့လျှင် သူ့ကို ပိုက်ဆံနှင့် ပတ်သက်ပြီး တာဝန်ယူခိုင်းခဲ့မည် မဟုတ်ပေ။ ယေရှုက ဤလူသည် ကောက်ကျစ်ပြီး လှည့်စားတတ်သည်၊ သူ၏ ညီအစ်ကို မောင်နှမများကို လိမ်လည်ခဲ့သည်ဆိုခြင်းကို မသိခဲ့ဘူးဟု ဆိုနိုင်သည်။ နောက်ပိုင်းမှာ ယုဒသည် အချိန်အတော်ကြာ ယေရှုနောက်ကို လိုက်ပြီးနောက် ယေရှုက သူသည် သူ၏ ညီအစ်ကို မောင်နှမများနှင့် ဘုရားသခင်ကို လိမ်လည် လှည့်စားသည်ကို မြင်ခဲ့သည်။ သူသည် ပိုက်ဆံအိတ်ထဲက ပိုက်ဆံများကို အမြဲတမ်း ယူသုံးတတ်သည်ဆိုခြင်းကို လူများက သိရှိခဲ့ကြပြီး ယေရှုကို ပြောခဲ့ကြသည်။ ယေရှုသည် ဤအချိန်မှသာ ဤအရာများအားလုံးကို သိရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် လက်ဝါးကပ်တိုင်မှာ အသေခံခြင်းအလုပ်ကို လုပ်ဆောင်ဖို့ဖြစ်ပြီး သူ့ကို သစ္စာဖောက်မည့် သူတစ်ယောက်ကို လိုအပ်ခဲ့သည်။ ယုဒသည် ဤနေရာနှင့် သင့်တော်သည့် လူတစ်ယောက် ဖြစ်နေသည်။ သခင်ယေရှုက "သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်။ လူသားသည် ကားတိုင်တွင် အသေခံရန် ဤသစ္စာဖောက်မှုကို အသုံးပြုလိမ့်မည် ဖြစ်ပြီး သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်လိမ့်မည်" ဟု ပြောခဲ့သည်။ ဤအချိန်မှာ ယေရှုသည် သူ့ကို သစ္စာဖောက်စေဖို့ ယုဒကို ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ဤကဲ့သို့မဟုတ်ဘဲ ယုဒသည် သစ္စာရှိသည့် တပည့်တစ်ယောက်ဖြစ်ဖို့ သူဆန္ဒရှိခဲ့သည်။ သူ့အတွက် အံ့သြစရာတစ်ခုအနေနှင့် ယုဒသည် သခင်ကို သစ္စာဖောက်သည့် ကိုယ်ကျင့်တရားနိမ့်ကျသည့် လောဘသမား ဖြစ်နေခဲ့သည်။ ဤအလုပ်အတွက် ယုဒကို ရွေးချယ်ဖို့အတွက် ဤအခြေအနေကို သူအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယေရှု၏ တပည့် တစ်ဆယ့်နှစ်ယောက်လုံးသည် သစ္စာရှိခဲ့လျှင်၊ သူတို့ထဲ၌ ယုဒကဲ့သို့လူမျိုး မရှိခဲ့လျှင်၊ အဆုံးမှာတော့ ယေရှုကို သစ္စာဖောက်မည့်သူသည် တပည့်များ၏ ပြင်ပက လူသာဖြစ်ခဲ့လိမ့်မည်။ သို့သော်လည်း ဤအချိန်၌ အကြောင်းအားလျော်စွာ လာဘ်ပေးလာဘ်ယူအမှုကို နှစ်သက်သည့် လူတစ်ယောက်က သူတို့ထဲ၌ ရှိနေခဲ့သည်။ ယုဒပင် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် သူ၏အမှု ပြီးမြောက်ဖို့အတွက် ဤလူကို အသုံးပြုခဲ့သည်။ ဤအရာသည် မည်မျှရိုးရှင်းလိုက်သနည်း။ ယေရှုသည် သူ၏အမှု အစ၌ ဤအရာကို ကြိုတင်ခွဲခန့်မှတ်သားခဲ့ခြင်း မရှိခဲ့ပေ။ အကြောင်းအရာများသည် အခြေအနေတစ်ခုကို ရောက်ရှိလာသည့် အခါမှသာ သူသည် ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဝိညာဉ်တော် ကိုယ်တိုင်၏ ဆုံးဖြတ်ချက်ဟု အမည်ပေးနိုင်သည့် ယေရှု၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ဤအချိန်မှာ ယုဒကို ရွေးချယ်ခဲ့သူသည် ယေရှုဖြစ်သည်။ ယုဒသည် ယေရှုကို နောက်ပိုင်းမှာ သစ္စာဖောက်ခဲ့သည့်အချိန်၌ ဤအရာသည် သူ၏ အဆုံးသတ်မှုကို ပြီးမြောက်စေဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သာ ဖြစ်သည်။ ဤအချိန်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်သည်။ ယေရှုသည် ယုဒကို ရွေးချယ်ခဲ့စဉ်က ယုဒသည် သူ့ကို သစ္စာဖောက်လိမ့်မည်ဟု သူလုံးဝမသိခဲ့ပေ။ သူသည် ယုဒရှကာယုတ်ဟုသာ သိခဲ့သည်။ ယနေ့ သင်တို့၏ အပ်နှံမှုအဆင့်နှင့် သင်တို့အသက်တာ၏ ကြီးထွားမှုအဆင့် အပေါ်မှာ မူတည်ပြီးလျှင်လည်း သင်တို့၏ ရလဒ်များကို သတ်မှတ်သည်။ လောကကြီးကို ဖန်ဆင်းခြင်း အချိန်ကတည်းက ကြိုတင်ခွဲခန့်မှတ်သားထားသည်ဆိုသည့် လူများကြားက အယူအဆအပေါ် မူတည်ခြင်း မဟုတ်ပေ။ သင်သည် ဤအရာများကို သေချာသိမြင်အောင် လုပ်ရမည်။ ဤအမှုအားလုံးသည် သင်စိတ်ထင်ထားသကဲ့သို့ လုပ်ဆောင်ခြင်း မဟုတ်ချေ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ အောက်ခြေမှတ်စုများ- က။ မူရင်းစာသားတွင် "မျှော်လင့်၍" ကို ချန်လှပ်ထားသည်။ အကြံပြုစာများဖတ်ရှုလေ့လာရန်: ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် တံဆိပ်များ ခရစ်တော်, ထာဝရအသက်, ဘာသာရေး စာအုပ်များ,
0 Comments
Leave a Reply. |